ယူကရိန်းက စစ်ဆင်ရေးတွေကို အဓိက ဦးဆောင်နေတဲ့ ထိပ်တန်း စစ်ဦးစီး တဦးကို ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ရာထူးကနေ ဖယ်ရှားလိုက်ပါတယ်။
ဗိုလ်ချုပ် ဆာဂျီ ဆူရိုဗီကင်ဟာ သူ့ရဲ့ လက်ရှိ တာဝန်တွေကနေ ဖယ်ရှားခံရပြီး သူ့နေရာမှာ ပူးပေါင်းစစ်ဆင်ရေး ဌာန အကြီးအကဲ ဗိုလ်ချုပ်ကြီး ဗယ်လာရီ ဂီရာဆီမော့ဗ်က အစားထိုး တာဝန်ယူသွားမှာ ဖြစ်ပါတယ်။ ဆူရိုဗီကင်ဟာ ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း ယူကရိန်းမှာ ရုရှားရဲ့ ရက်စက်ကြမ်းကြုတ်လှတဲ့ စစ်ရေး အစီအမံတွေကို ဦးဆောင် တာဝန်ပေးခဲ့သူ ဖြစ်ပါတယ်။ သူ့အနေနဲ့ ယူကရိန်းက အထူးစစ်ဆင်ရေး အကြီးအကဲ အဖြစ်က ဖယ်ရှားခံခဲ့ရပေမယ့် ရုရှားစစ်တပ်မှာတော့ ဆက်ပြီး ရှိနေဦးမယ်လို့ သိရပါတယ်။
ယူကရိန်း အရှေ့ပိုင်း စစ်မြေပြင်မှာ အသာစီးရတဲ့ အခြေအနေတွေ ရှိနေကြောင်း ရုရှားက ထုတ်ပြန်ပြီး ရက်ပိုင်း အကြာမှာ အခုလို ယူကရိန်းက စစ်ဆင်ရေးဆိုင်ရာ ထိပ်ပိုင်းရာထူး အပြောင်းအလဲ ဖြစ်လာတာပါ။ ရုရှားဟာ ယူကရိန်းကို အထူးစစ်ဆင်ရေးဆိုတဲ့ နာမည်နဲ့ ကျူးကျော် တိုက်ခိုက်ခဲ့တာ အခုဆိုရင် တစ်နှစ်နီးပါး ရှိလာခဲ့ပါပြီ။
ဂါရီဆီမော့ဗ်ဟာ ပူးပေါင်းစစ်ဆင်ရေးဌာန အကြီးအကဲအဖြစ် ၁၂ နှစ်ကြာ ဆောင်ရွက်ခဲ့ဖူးပြီး ဆိုဗီယက် ပြည်ထောင်စု ပြိုကွဲသွားတဲ့နောက်ပိုင်း အဲဒီရာထူးမှာ အချိန်အကြာဆုံး ထမ်းဆောင်ခွင့်ရသူ ဖြစ်ခဲ့ပါတယ်။ အခုအခါ သူ့ရဲ့လက်ထောက် ဖြစ်လာမယ့် ဆူရိုဗီကင်ကတော့ မျိုးဖြုတ် ဗိုလ်ချုပ်လို့ နာမည်ပြောင် ပေးခံရတဲ့ထိ သူတာဝန်ယူဖူးတဲ့ အရင်စစ်ပွဲတွေမှာ ကြမ်းကြုတ်ရက်စက်တဲ့ နည်းဗျူဟာတွေကို အသုံးပြုခဲ့ပါတယ်။ အထူးသဖြင့် ဆီးရီးယား ပြည်တွင်းစစ်မှာ အလက်ပိုမြို့ကို လူနေဧရိယာတွေပါမချန် အပြင်းအထန် ဗုံးကြဲခဲ့တာဟာ ဆူရိုဗီကင်ရဲ့ စနက်တွေ ဖြစ်ပါတယ်။
ဆူရိုဗီကင်ဟာ ယူကရိန်း စစ်ဆင်ရေးဆိုင်ရာ အကြီးအကဲအဖြစ် အောက်တိုဘာလက ခန့်အပ် ခံခဲ့ရတဲ့နောက် အရပ်ဖက် အခြေခံ အဆောက်အအုံတွေနဲ့ ဓာတ်အားပေး ကွန်ရက်တွေကို ပစ်မှတ်ထား ဖျက်ဆီးတဲ့ ဗျူဟာကို စတင် ကျင့်သုံးခဲ့ပါတယ်။ အဲဒီ တိုက်ခိုက်မှုတွေကြောင့် အရမ်းအေးခဲတဲ့ ဆောင်းရာသီမှာ ယူကရိန်း ပြည်သူတွေဟာ အပူပေးစက် အသုံးပြုဖို့ လျှပ်စစ်မီးလည်း မရှိ၊ သန့်ရှင်းတဲ့ သောက်ရေလည်း မရရှိဘဲ အချိန်ကာလ အတော်ကြာအောင် ဖြတ်သန်းခဲ့ကြရပါတယ်။ သူကိုင်တွယ်နေချိန် အတောအတွင်း ရုရှားတပ်တွေဟာ ယူကရိန်း တောင်ပိုင်းက ထိန်းချုပ်နယ်မြေဖြစ်တဲ့ ခါဆွန်ကနေ ဆုတ်ခွာပေးခဲ့ရပါတယ်။
ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနကတော့ ဗိုလ်ချုပ်ကြီး ဆူရိုဗီကင်ရဲ့ နေရာကို လဲလှယ် အစားထိုးလိုက်ခြင်းဟာ ရုရှားရဲ့ လက်နက်ကိုင်တပ်တွေ အားလုံး အချင်းချင်း ချိတ်ဆက် ပူးပေါင်း ဆောင်ရွက်နိုင်စွမ်းကို မြှင့်တင်ပြီး ပိုမို ထိရောက်တဲ့ စီမံခန့်ခွဲမှုမျိုး ရုရှားစစ်တပ်ထဲမှာ ဖော်ဆောင်ဖို့ ဖြစ်တယ်လို့ မှတ်ချက် ပေးပါတယ်။ ဒါပေမဲ့ တစ်ဖက်မှာတော့ ဆူရိုဗီကင်ရဲ့ တပ်တွင်း လုပ်ပိုင်ခွင့်အာဏာ အရမ်းကြီးမားလာလို့ ပူတင်က ပြန်ထိန်းညှိလိုက်တာ ဖြစ်နိုင်တယ်ဆိုတဲ့ ခန့်မှန်းမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပါတယ်။
လောလောဆယ်မှာတော့ ယူကရိန်း အရှေ့ပိုင်းက ဆားကျင်းနဲ့ သတ္တုတွင်းတချို့ တည်ရှိရာ ဆိုလီဒါမြို့မှာ ရုရှားတပ်တွေက အသာစီးယူ သိမ်းပိုက်နိုင်ခဲ့ပြီး မနီးမဝေးမှာရှိတဲ့ မဟာဗျူဟာအရ အချက်အခြာကျတဲ့ ဘက်ခ်မွတ်မြို့ကို ဆက်ပြီး ထိုးစစ်ဆင်နေပါတယ်။ အဲဒီမြို့နှစ်မြို့ဟာ ၁၀ ကီလိုမီတာလောက်သာ ဝေးပါတယ်။ ဆိုလီဒါကို သိမ်းယူခဲ့တဲ့ တိုက်ပွဲတွေမှာ ပူတင်ရဲ့ ခါးပိုက်ဆောင် ကြေးစားတပ်တွေလို့ လူသိများတဲ့ ဝက်ဂ်နာ တပ်ဖွဲ့က အဓိက ဦးဆောင်ခဲ့တယ်လို့လည်း သိရပါတယ်။