ခွဲထွက်ဖို့ ကြိုးစားရင် ထိုင်ဝမ်ကို အပြင်းအထန် ဒဏ်ခတ်မယ်လို့ တရုတ် ထပ်မံခြိမ်းခြောက်

လွတ်လပ်ရေး ကြေညာပြီး ခွဲထွက်ဖို့ ကြိုးစားမယ်ဆိုရင် ထိုင်ဝမ်ကို စစ်ရေးအရ ပြင်းပြင်းထန်ထန် ဒဏ်ခတ်သွားမယ်လို့ တရုတ်က ပြောကြားလိုက်ပါတယ်။

ဒါဟာ ဒီမိုကရေစီစနစ် ထွန်းကားပြီး သီးခြားရပ်တည်လိုတဲ့ ကျွန်းနိုင်ငံလေးနဲ့ ပတ်သက်လို့ တရုတ်က ကာလရှည်ကြာ ဆုပ်ကိုင်ထားတဲ့ ခြိမ်းခြောက်မှု မူဝါဒကို ပြန်လည် အသက်သွင်းလိုက်တဲ့ သဘောလည်း ဖြစ်ပါတယ်။ တရုတ်ဟာ ထိုင်ဝမ်ကို နိုင်ငံပိုင်နက် အစိတ်အပိုင်း တစ်ခုအဖြစ် စွဲစွဲမြဲမြဲ မှတ်ယူထားပါတယ်။

ဇန်နဝါရီ ၁၁ ရက်မှာတော့ တရုတ် အစိုးရရဲ့ ထိုင်ဝမ်ရေးရာရုံးက တရုတ်အနေနဲ့ ၂၀၂၃ ခုနှစ်မှာလည်း ထိုင်ဝမ်နဲ့ ပတ်သက်လို့ အချုပ်အခြာ အာဏာပိုင်ဆိုင်မှုနဲ့ ပိုင်နက်နယ်မြေ သတ်မှတ် ခိုင်မာစေမှုတွေကို မမှိတ်မသုန် ဆက်လက် ထိန်းသိမ်းသွားမယ်လို့ ထုတ်ပြန်ပါတယ်။

ထိုင်ဝမ်ရေးရာရုံးရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ မာရှောင်ကွမ်က ကိုယ်ပိုင်အုပ်ချုပ်မှုနဲ့ ရပ်တည်နေတဲ့ ကျွန်းနိုင်ငံလေး အနေဟာ မီးနဲ့ ဆော့ကစားတာမျိုး မလုပ်ဖို့ မျှော်လင့်ကြောင်း ခြိမ်းခြောက် သတိပေးသွားခဲ့ပါတယ်။

ထိုင်ဝမ်ဟာ တရုတ်ပြည်မကြီးကနေ ၁၉၄၉ ခုနှစ်မှာ ခွဲခြားရပ်တည်ခဲ့ပေမယ့် တရုတ်ကတော့ နိုင်ငံပိုင်နက် နယ်မြေတစ်ခုဟာ တရုတ် အစိုးရရဲ့ ချုပ်ထိန်းမှု အောက်မှာသာ ရှိရမယ်လို့ ယူဆထားပါတယ်။ တကယ်လို့ ထိုင်ဝမ်က ဒီသဘောထားကို အတိအလင်း ဆန့်ကျင်လာပြီ ဆိုရင်တော့ စစ်အင်အားကို လိုအပ်သလို အသုံးပြုပြီး အရေးယူသွားမယ်လို့လည်း တရုတ်က အစဉ်တစိုက် ခြိမ်းခြောက်ခဲ့ပါတယ်။

တရုတ်နဲ့ ထိုင်ဝမ်တို့ဟာ ရေလက်ကြား တစ်ခုသာ ပိုင်းခြား တည်ရှိပြီး ၂၀၂၂ အတွင်း တရုတ်က ထိုင်ဝမ်တဝိုက်မှာ စစ်အင်အားပြတဲ့ လုပ်ရပ်တွေ ပိုမို အရှိန်မြှင့်လာပါတယ်။ နှစ်ကုန်ပိုင်းတုန်းက တစ်ရက်တာ စံချိန်တင် ကိန်းဂဏန်းတွေအဖြစ် တရုတ်လေယာဉ် ၇၁ စီးနဲ့ သင်္ဘော ၇ စီးထိ ထိုင်ဝမ် ပိုင်နက်နားမှာ ချဉ်းကပ်ပြီး စစ်ရေး လေ့ကျင့်ခဲ့တယ်လို့ သိရပါတယ်။