ဆားလင်းကြီးက စစ်ရှောင်တွေမှာ ဆေးဝါးမလုံလောက်

စစ်ကောင်စီရဲ့ ဆက်တိုက်စစ်ကြောင်းထိုးမှုတွေကြောင့် နေရပ်စွန့်ခွာပြေးနေရတဲ့ဆားလင်းကြီးနယ်ထဲက ဒေသခံတွေမှာ စားနပ်ရိက္ခာလိုအပ်ချက်တွေအပြင် ဆေးဝါးမလုံလောက်မှုတွေဖြစ်နေတယ်လို့ စစ်ရှောင်ကူညီနေသူတွေကပြောပါတယ်။

ဆားလင်းကြီးနယ်၊ ချင်းတွင်းမြစ်အနောက်ဖက်ကမ်းတလျောက်က ကျေးရွာတွေကို ပြီးခဲ့တဲ့နှစ်ကတည်းက စစ်ကောင်စီတပ်တွေက ရွာစဉ်လှည့်စစ်ကြောင်းထိုးနေတာဖြစ်ပြီး ဒေသခံထောင်ချီဟာလည်း နေရပ်စွန့်ခွာထွက်ပြေးနေကြရတာပါ။

တဖက်မှာလည်း ဒေသကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီကြားတိုက်ပွဲဖြစ်ပွားနေသလိုစစ်ကောင်စီရဲ့စစ်ကြောင်းထိုးမှုတွေကြောင့် ဒေသခံတွေဟာလည်း ညတွင်းချင်းရွာကနေထွက်ပြေးတိမ်းရှောင်ရတာတွေလည်းဆက်ဖြစ်နေပါတယ်။

” စစ်ရှောင်တချို့ကို နီးစပ်ရာနေရာတွေမှာ စစ်ရှောင်စခန်းပုံစံဖွင့်ပြီးချက်ပြုတ်ကျွေးထားရတယ်။ဆောင်းရာသီဆိုတော့ စောင်နဲ့ အဝတ်တွေမလုံလောက်တော့ နာမကျန်းဖြစ်တယ်။ CDM ဆရာဝန်တွေလည်းရှိပေမယ့် ဆေးဝါးလည်းမလုံလောက်ဘူး” လို့ ဆားလင်းကြီးပအဖဆက်သွယ်ရေးတာဝန်ခံ ကိုစစ်ငြိမ်းကပြောပါတယ်။

လက်ရှိမှာဆားလင်းကြီးမြို့နယ်မှာရွာစဉ်လှည့်လည်စစ်ကြောင်းထိုးမှုတွေကြောင့်အရပ်သားပြည်သူတထောင်နီးပါးအမြဲတမ်းစစ်ဘေးရှောင်နေရတယ်လို့ လည်းသူကဆက်ပြောပါတယ်။

လက်ရှိမှာတော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ရိက္ခာ၊ အဝတ်အထည်နဲ့စောင်တွေ ထောက်ပံ့ထားရသလို ရိက္ခာအတွက်လည်း အကူအညီပေးနေရတယ်လို့ မျိုးဆက်သစ်လူငယ် Local PDF ကဆိုပါတယ်။