စစ်တပ်ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့ ရန်ကုန်တော်လှန်ရေးအင်အားစုကလူငယ်တွေ လူထုကို နှိုးဆော်

စစ်ကောင်စီက ဖိအားပေးကျင်းပဖို့ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲကို ဆန့်ကျင်သပိတ်မှောက်ဖို့နဲ့ လူထုကို တော်လှန်ရေးသတင်းစကားပြောဆိုတဲ့ ကမ်းပိန်းတစ်ခုကို ရန်ကုန်မြို့ နေရာအနှံ့အပြားမှာ ရန်ကုန်တော်လှန်ရေး အင်အားစုက လူငယ်တွေက ဒီကနေ့ ဒီဇင်ဘာ ၁၁ ရက်မှာ ပြုလုပ်ခဲ့ကြပါတယ်။

ရန်ကုန်မြို့မှာရှိတဲ့လူတချို့ကို ရွေးကောက်ပွဲကို ဆန့်ကျင်ဖို့ ပုံစံမျိုးစုံနဲ့သတင်းစကားပါတဲ့လှုပ်ရှားမှုကို ရန်ကုန်တော်လှန်ရေး အင်အားစု(Yangon Revolution Force – YRF) ရဲ့ Soft Strike Community က ရဲဘော်တွေက ပြုလုပ်ခဲ့တာလို့ဆိုပါတယ်။

YRF ကလူငယ်တွေထုတ်ပြန်ထားတဲ့ ဗီဒီယိုမှာတော့ ရန်ကုန်မြို့တွင်းမှာ သွားလာနေတဲ့ပြည်သူတွေကို စစ်ကောင်စီရဲ့ ဖိနှိပ်မှုကြားမှာ စစ်အာဏာသိမ်းတာကိုရရာနည်းလမ်းနဲ့ ဆန့်ကျင်ဖို့စစ်ကောင်စီရဲ့ ရွေးကောက်ပွဲကို သပိတ်မှောက်ဆန့်ကျင်ဖို့ကို စည်းရုံးလှုံ့ဆော်ခဲ့တာတွေကို ထုတ်ပြန်ထားပါတယ်။

“အမှန်အတိုင်း ဝန်ခံရရင်တော့ ကျနော်တို့ ရင်ဆိုင်နေရတဲ့ လုံခြုံ‌ရေးပြသနာတွေကြောင့် ပြောက်ကျားသပိတ်တွေ မဖော်ဆောင်နိုင်သေးခင်မှာ အခုလို လှုပ်ရှားမှုတွေ လုပ်ဆောင်ရတာပါ။ ပြောက်ကျားသပိတ်တွေ မထိရောက်လို့ မဟုတ်ပါဘူး။ဘယ်လှုပ်ရှားမှုနေနေ သူ့နည်းသူ့ဟန်နဲ့တော့ ထိရောက်မှု ရှိပါတယ်။ ကျနော်တို့ကတော့ လူထုဆီကို တော်လှန်ရေးနဲ့ ပတ်သက်တဲ့ သတင်းစကားတွေကို ဖြန့်ဝေလို့ရတဲ့ နည်းလမ်းမျိုးစုံသုံးပြီး ဖြန့်ဝေနေမှာပါ”လို့ Yangon Revolution Force – YRF မှ တာဝန်ရှိသူက ပြောပါတယ်။

စစ်ကောင်စီရဲ့ စစ်ဆေးတင်းကျပ်မှုကြားမှာပဲ အမှန်တရားဘက်ကရပ်တည်တဲ့ လူထုအများအပြားရှိတယ်ဆိုတဲ့ အသိအင်အားနဲ့ စစ်တပ်ရဲ့ဖိနှိပ်မှုအားကောင်းတဲ့ ရန်ကုန်လူထုကို တော်လှန်ရေးသတင်းစကားပါးခဲ့တာဖြစ်တယ်လို့ လည်း လှုပ်ရှားမှုကို ဦးဆောင်တဲ့လူငယ်တွေက ဆိုကြပါတယ်။