မန္တလေးနဲ့ မုံရွာမှာ စစ်ကောင်စီ လက်နက်နဲ့လုံခြုံရေးတင်းကျပ်ပြီး လူဦးရေစာရင်းကောက်ယူနေ

မန္တလေးမြို့နဲ့ မုံရွာမှာရှိတဲ့ မြို့‌ပေါရပ်ကွက်တွေမှာ ဒီကနေ့ ဇန်နဝါရီလ ၁၁ ရက်မှာ စစ်ကောင်စီလက်အောက်ခံတပ်သားတွေနဲ့လက်နက်နဲ့လုံခြုံရေးယူပြီး ရွေးကောက်ပွဲအတွက် လူစာရင်းကောက်ယူနေတယ်လို့ မြို့ခံတွေကပြောပြကြပါတယ်။

စစ်ကောင်စီလက်အောက်ခံတွေဖြစ်တဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းနဲ့ အုပ်ချုပ်ရေးမှူး၊ သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ဝင်တွေဟာ မနေ့ကနဲ့ ဒီနေ့ နှစ်ရက်မှာ မုံရွာမြို့ပေါ်ရပ်ကွက်တွေအတွင်း လက်နက်အပြည့်အစုံနဲ့ လုံခြုံရေးအင်အားတွေအသုံးပြုကာ ရပ်ကွက်ရဲ့ လမ်းတွေကိုပိတ်ဆို့ပြီး လူဦးရေစာရင်းကောက်ခံတာတွေလုပ်နေတယ်လို့ ဆိုပါတယ်။

“သူတို့ကတော့ ရပ်ကွက်ကို ပတ်ပတ်လည်ဝိုင်းပြီးတော့ လမ်းကြားတွေထဲမှာ လက်နက်အပြည့်အစုံနဲ့ နေရာယူထားပြီးတော့ Non CDM ဝန်ထမ်းတွေက အိမ်ပေါက်ဝကနေပြီးတော့ စာရင်းကောက်တာမျိုးပြုလုပ်တာ၊ အိမ်ထဲတွေထိဝင်တာမျိုးတော့ မပြုလုပ်ဘူးပေါ့နော်၊ အိမ်ပေါက်ဝကနေပြီးတော့ ရပ်ကွက်ကို တရပ်ကွက်လုံးပိတ်ပြီးတော့ စာရင်းကောက်တာမျိုးတွေပြုလုပ်နေပါတယ်” လို့ မုံရွာသပိတ်ဦးဆောင်ကော်မတီအဖွဲ့ဝင် မချောစုစံက ပြောပါတယ်။

မုံရွာမြို့ပေါ်ရပ်ကွက်တွေဖြစ်တဲ့ အောင်ချမ်းသာ၊ ကွေ့ကြီး ရပ်ကွက်တွေမှာ အင်အားသုံးပြီး အိမ်ထောင်စုစာရင်းကောက်ခံနေတယ်လို့ မုံရွာသတင်းမှန်ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ထားပြီး အဲ့ဒီရပ်ကွက်တွေအပြင် ကန်သာဦးနဲ့ ဦးဘိုရပ်ကွက်တွေမှာလည်း စာရင်းကောက်တာတွေရှိနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

“ဒေသခံပြည်သူတွေကတော့ မလိုလားဘူးပေါ့နော်၊ သူတို့ဘက်က ရဲတွေကလည်းပါတယ်၊ နောက်ပြီး စစ်သားတွေကလည်းရပ်ကွက်ကို ပတ်ပတ်လည်ဝိုင်းထားတယ်၊ လက်နက်တွေလည်းပါတယ်ဆိုတော့ ထိတ်လန့်မှုနဲ့ပဲ ပြည်သူတွေက ကြောက်ကြောက်လန့်လန့်နဲ့ ရှိနေရတယ်ပေါ့နော်၊ ပြည်သူတွေဘက်က လိုလားပြီး ပူးပေါင်းပါဝင်မှုကတော့ မရှိဘူးပေါ့” လို့ မချောစုစံက ဆက်ပြောခဲ့ပါတယ်။

အလားတူပဲ မန္တလေးမြို့ စိန်ပန်းရပ်ကွက်မှာ စစ်အုပ်စုကမြို့ပေါ်ရပ်ကွက်များကို အိမ်ထောင်စုစာရင်းဖိအားပေးကောက်နေတယ်လို့ဆို မြို့ခံတွေကဆိုကြပါတယ်။

” ကျနော်တို့ဆီအိမ်ထောင်စု စာရင်းကောက်တော့ သူတို့မှာ လဝက ကပေးထားတဲ့ အိမ်ထောင်စုဇယားပါလာတယ် အဲဒါ့နဲ့တိုက်စစ်တယ် ဘယ်သူတွေရှိသေးလည်း ဘယ်တွေရောက်နေတယ်ဆိုတာမေးတယ် သူတို့စာရင်းကောက်တာကို မဖြစ်မနေ ပူးပေါင်းဖို့ ဖိအားပေးတဲ့ပုံစံလုပ်တယ်။ ကိုယ်အိမ်အငြိုးခံရမှာတိုတော့ အိမ်ထောင်စု လာပြဆိုရင်ပြလိုက်တဲ့သဘောပါပဲ ” လို့ မဟာအောင်မြေမြို့နယ် နေသူတဦးကပြောပါတယ်။

စစ်အုပ်စုက မြို့ပေါ်ရပ်ကွက်တွေကိုသာ စာရင်းကောက်နေပေမယ့် မြို့အစွန်းတွေဖြစ်တဲ့ အမရပူရမြို့နယ်၊ ပုသိမ်ကြီးမြို့နယ်၊ ချမ်းမြသာစည်မြို့နယ် ကရပ်ကွက်တွေမှာတော့ စာရင်းကောက်တာမရှိသေးဘူးလို့ သိရပါတယ်။

” ကျနော်တို့ဖက်တော့ ဘာအသံမှာ မကြားသေးဘူး။ ရပ်ကွက်ထဲအော်တာမျိုးလည်း မကြားမိသေးဘူး။ မြို့အစွန်းတွေကျတော့ သူတို့လုံခြုံရေး စိတ်မချရရင် အင်အားအများကြီးနဲ့လာတာမျိုးတော့လုပ်နိုင်တယ် ” လို့ အမရပူရမြို့နယ် နေသူတဦးကပြောပါတယ်။
ဒါအပြင် မန္တလေးတိုင်းအတွင်းမှာ စစ်အုပ်စုကို လက်နက်ကိုင်တော်လှန်မှုတွေရှိနေတဲ့ မြင်းခြံ၊ မတ္တရာ နဲ့ မိုးကုတ်မြို့တွေမှာတော့ အိမ်ထောင်စုစာရင်းကောက်တာမရှ်သေးဘူးလို့ သိရပါတယ်။

မြင်းခြံမြို့နယ် ပြည်သူအုပ်ချူပ်ရေးအဖွဲ့ကလည်း စစ်ကောင်စီရဲ့ ရွေးကောက်ပွဲလုပ်ဆောင်နေမှုကို ပြည်သူလူထုပူးပေါင်းပါဝင်ခြင်းမရှိကြဖို့ တိုက်တွန်းထားပါသေးတယ်။

စစ်ကောင်စီကကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲအတွက် လူဦးရေစာရင်းကောက်ခံတာတွေကို ဇန်နဝါရီ ၁ ရက်ကနေ ၃၁ ရက်နေ့အတွင်း ဆောင်ရွက်သွားမယ်လို့ စစ်ကောင်စီက ကြေညာထားပြီး နိုင်ငံတဝန်းမှာလည်း စာရင်းကောက်ခံတာတွေကို လုပ်ဆောင်နေတာဖြစ်ပါတယ်။

စစ်အာဏာသိမ်းကာလအတွင်းပေါ်ပေါက်ခဲ့တဲ့ ကြားကာလအစိုးရ NUG ရဲ့ ယာယီသမ္မတ ဒူးဝါလရှီးလကတော့ စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲဟာ နိုင်ငံရေးထောင်ချောက်တခုဖြစ်တာကြောင့် ပြည်သူတွေမပါဝင်ဖို့နဲ့ ဆန့်ကျင်ကြဖို့ နှစ်သစ်ကူးမိန့်ခွန်းမှာ တိုက်တွန်းထားခဲ့ပြီး ဒေသတွင်း ပကဖ၊ ပအဖ အဖွဲ့တွေကလည်း ရွေးကောက်ပွဲမှာ ပြည်သူတွေမပါဝင်ကြဖို့ တိုက်တွန်းချက်တွေကိုလည်း ဆက်တိုက်ထုတ်ပြန်နေကြပါတယ်။