လက်နက်ပွဲစား ထွန်းမင်းလတ်ဆီက သိမ်းဆည်းရမိတဲ့အထဲ မင်းအောင်လှိုင် မိသားစုရဲ့ပိုင်ဆိုင်မှုတွေလည်း ပါဝင်နေ

မြန်မာအာဏာသိမ်းစစ်တပ်ရဲ့ ခရိုနီ လက်နက်ပွဲစား ထွန်းမင်းလတ်ကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးချိန် သိမ်းဆည်းရမိတဲ့ ပစ္စည်းတွေထဲ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ သားသမီးတွေ ပိုင်ဆိုင်တဲ့ ဘန် ကောက်က ဇိမ်ခံကွန်ဒိုတစ်လုံးနဲ့ ဘဏ်စာအုပ်နှစ်အုပ်တို့ ပါဝင်နေတယ်လို့ Justice For Myanmar ဒီနေ့ ထုတ်ပြန်ပါတယ်။

ထိုင်းရဲတပ်ဖွဲ့ဟာ ၂၀၂၂ ခုနှစ် စက်တင်ဘာ (၁၇) ရက်က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ထွန်းမင်းလတ်နဲ့ သူ့လုပ်ဖော်ကိုင်ဖက် သုံးဦးကို စီးနင်းဖမ်း ဆီးခဲ့ပြီး ဒီဇင်ဘာ (၁၃) ရက်မှာ သူတို့ကို မူးယစ်ဆေးဝါးမှောင်ခို ရောင်းဝယ်မှု၊ ငွေကြေးခဝါချမှုနဲ့ နိုင်ငံဖြတ်ကျော်ရာဇဝတ်မှုတွေနဲ့ စွဲချက်တင်ခဲ့ပါတယ်။

အဲ့ဒီ စီးနင်းမှုမှာ ထွန်းမင်းလတ်နဲ့ သူ့လုပ်ဖော် ကိုင်ဖက်တွေ ပိုင်ဆိုင်တဲ့ အိမ်ခြံမြေအများအပြားရဲ့ စာ ရွက်စာတမ်းတွေနဲ့ တခြားပိုင်ဆိုင်မှု ပစ္စည်းတွေကို ထိုင်းရဲတပ်ဖွဲ့က သိမ်းဆည်းခဲ့တယ်လို့ သိရပါတယ်။

အဆိုပါသိမ်းဆည်းပစ္စည်းတွေထဲ အမေရိကန်‌ ဒေါ်လာ ၁သန်းနီးပါး တန်ကြေးရှိတဲ့ အိမ်ခန်း လေးခန်းပါဝင်တဲ့ Belle Rama 9 ကွန်ဒိုတစ်လုံးဟာ မြန်မာ့စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့သား အောင်ပြည့်စုံ ပိုင်ဆိုင်တယ်လို့ Justice For Myanmar ကဆိုပါတယ်။

ဒါ့အပြင် ထိုင်းရဲတပ်ဖွဲ့က သိမ်းဆည်းရမိတဲ့ ပစ္စည်းတွေထဲ Siam Commercial Bank စာအုပ်ဟာ မင်းအောင်လှိုင်ရဲ့ သမီးဖြစ်သူ ခင်သီရိသက်မွန် နာမည်နဲ့ဖြစ်ပြီး ထွန်းမင်းလတ်ကို ဖမ်းဆီးတဲ့အချိန်မှာ ကွန်ဒိုအခန်းနဲ့ ဘဏ်စာအုပ်တွေဟာ ထွန်းမင်းလတ်နဲ့ လက်ပူးလက်ကြပ် ဖမ်းမိတဲ့ ပစ္စည်းစာရင်းတွေမှာ ပါဝင်တယ်လို့ သိရပါတယ်။

“မင်းအောင်လှိုင် သားသမီးတွေရဲ့ ပိုင်ဆိုင်မှုတွေဟာ နိုင်ငံတကာ ရာဇ၀တ်ကောင်ရဲ့ လက်ဝယ်ရှိနေတယ်ဆိုတဲ့အချက်က ထိုင်းအစိုးရနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းအတွက် အချက်ပေးခေါင်းလောင်း ထိုးသံ ဖြစ်သင့်ပါတယ်”လို့ Justice For Myanmar ရဲ့ ပြော‌ရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောပါတယ်။

ဒါ့အပြင် ထိုင်းအာဏာပိုင်တွေအနေနဲ့ အောင်ပြည့်စုံနဲ့ ခင်သီရိသက်မွန်တို့ရဲ့ ပိုင်ဆိုင်မှုတွေကို သိမ်း ဆည်းပြီး သူတို့ဟာ ထွန်းမင်းလတ်ရဲ့ ငွေကြေးခဝါချမှုနဲ့ မူးယစ်ဆေးဝါးမှောင်ခိုရောင်းဝယ်မှုတွေကနေ အကျိုးအမြတ် ရရှိခဲ့ခြင်း ရှိ၊ မရှိ စုံစမ်းစစ် ဆေးဖို့နဲ့ ရှိခဲ့ရင် သူတို့ကို တရားစွဲဆိုဖို့ Justice For Myanmar က တောင်းဆိုတယ်လို့ မရတနာမောင်က ပြောပါတယ်။

ထွန်းမင်းလတ်ရဲ့ ရာဇဝတ်မှုတွေနဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ သားသမီးတွေ ဆက်စပ်နေတဲ့ အ ထောက်အထားတွေ ရှိနေပေမယ့် ထိုင်းအာဏာပိုင်တွေဟာ သူတို့နှစ်ဦးရဲ့ ပိုင်ဆိုင်မှုတွေကို သိမ်းယူထားခြင်း မရှိသေးဘူးလို့ သိရပါတယ်။

စစ်ကောင်စီရဲ့ လက်နက်ပွဲစားထွန်းမင်းလတ်နဲ့ ထိုင်းအမေရိကန်နိုင်ငံသား Dean Gultula တို့ နှစ်ဦးကို ထောင်ဒဏ် ၁၅ နှစ်စီ ချမှတ်နိုင်တဲ့ ငွေကြေးခဝါချမှု၊ နိုင်ငံဖြတ်ကျော်မှုခင်း တို့နဲ့ ထိုင်းအစိုးရရှေ့နတွေက စွဲချက်တင်ထားသလို အမြင့်ဆုံးပြစ် ဒဏ် သေဒဏ်အထိ ချမှတ်နိုင်တဲ့ မူးယစ်ဆေးဝါးရောင်းဝယ်မှုတွေနဲ့လည်း စွဲချက် တင်ထားပါတယ်။

ဒါ့အပြင် သူတို့နှစ်ဦးနဲ့ အဆက်အသွယ်ရှိတဲ့ တခြားသူ နှစ်ဦးကိုလည်း စွဲချက်တင်ထားတယ်လို့ ဆိုပါတယ်။ စ်ခေါင်း‌ဆောင် မင်းအောင်လှိုင်ရဲ့ သားသမီး ၂ ဦးကို အမေရိကန်နဲ့ ကနေဒါနိုင်ငံတို့လည်း ဒဏ်ခတ်ပိတ်ဆို့ အရေးယူထားပါတယ်။

ထွန်းမင်းလတ်ဟာ စစ်တပ်ပိုင် ကာစီနိုလုပ်ငန်းတွေကို ပူးတွဲပိုင်ဆိုင်ပြီး မြန်မာစစ်တပ်အတွက် စစ်လက် နက်ပစ္စည်းတွေ ဝယ်ယူမှုတွေမှာ ပွဲစားလုပ်ပေးသူအဖြစ် နာမည်ကြီးပါတယ်။