ဂန့်ဂေါမှာ စစ်ကောင်စီစစ်ကြောင်း စောင့်ကြိုတိုက်ခိုက်ခံရ

ဂန့်ဂေါမြို့ နယ်မှာ လက်နက်ကြီးလက်နက်ငယ်တွေပစ်ခတ်ပြီး အောင်မြင်ကျေးရွာကို ဝင်ရောက်လာတဲ့ အင်အားကိုးဆယ်ဝန်းကျင်ပါ စစ်ကောင်စီစစ် ကြောင်းကို ဒီကနေ့ ဇန်နဝါရီ ၁၁ ရက်မနက်ပိုင်းမှာ စောင့်ကြိုတိုက်ခိုက်ခဲ့ရတယ်လို့ ဒေသတွင်းတောိလှန်ရေးအင်အားစုတွေနဲ့ ဒေသခံတွေဆီကသိရပါတယ်။

” ရှောက်ပင် (အောင်မြင်ရွာ) အဝင်မှာဖြစ်တာ၊ စစ်ကြောင်းကခုထိရှောက်ပင်နားမှာပဲလို့ကြားတယ်၊ ရွာကလူတွေကတော့ရှောင်ပ၊ ပြည်သူထိခိုက်တယ်ဘညာတော့ မကြားဘူးဗျ” လို့ ဂန့်ဂေါမြို့ခံတဦးက​ပြောပါတယ်။

ဂန့်ဂေါနယ် ပြားရွာမှာ ဇန်နဝါရီ ၁၀ ရက်ကညအိပ်ပြီး ဒီကနေ မနက်မှာအောင်မြင်ရွာကိုလာတဲ့ စစ်ကောင်စီစစ်ကြောင်းကို PDF၊ KKG တပ်ဖွဲ့က ရွာအဝင်မှာပျောက်ကြားတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီဘက်က ငါးဦးထိခိုက်နိုင်တယ်လို့ PDF – Gangaw တောင်ပိုင်းအဖွဲ့က ထုတ်ပြန်ထားပါတယ်။

တိုက်ပွဲအခြေအနေကို အသေးစိတ်စုံစမ်းမြန်းဖို့ DNA ကဆက်သွယ်ခဲ့ပေမယ့် ဒေသခံတော်လှန်ရေးတပ်ဖွဲ့ ခေါင်းဆောင်တွေဟာ ရှေ့တန်းတနေရာရောက်နေတဲ့အတွက် ဖြေဆိုနိုင်ခြင်းမရှိသေးဘူးလို့ပြောပါတယ်။

အချိန်မရွေးထိတွေ့တိုက်ပွဲ ထပ်ဖြစ်နိုင်တာကြောင့် ပြည်သူတွေအနေနဲ့ ဂန့်ဂေါ – မင်းရွာ လမ်းပိုင်းကိုအသုံးမပြုကြဖို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။

အောင်မြင်ကျေးရွာဟာ ဂန့်ဂေါမြို့နဲ့ လေးငါးမိုင်လောက်သာဝေးတဲ့ မြစ်သာမြစ်အနောက်ဘက်က ရွာတရွာဖြစ်တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။