ကရင်နီ(ကယား)ပြည်နယ်က တိုက်ပွဲဖြစ်ပွားရာ ဒေသတွေဖြစ်တဲ့ လွိုင်ကော်၊ဒီးမော့ဆိုနဲ့ ရှမ်းပြည် နယ်နဲ့ကရင်နီဒေသအစပ်ဖယ်ခုံမြို့နယ်တွေမှာဒီကနေ့ ဇန်နဝါရီ ၁၀ ရက် မနက်ပိုင်းကနေညနေပိုင်း အထိ စစ်တပ်က တိုက်လေယာဥ်တွေ ပျံသန်းခဲ့လို့ ဒေသခံတွေအထိတ်တလန့်ဖြစ်ပြီးကျောင်းတွေလည်းပိတ်လိုက်ရတယ်လို့ဒေသခံတွေဆီကသိရပါတယ်။
လွိုင်ကော်မြို့နယ်အနီးတဝိုက်ကနေရာတွေကိုစစ်ကောင်စီဂျက်တိုက်လေယာဥ်တစ်စီးက ဒီကနေ့ မနက် (၉)နာရီကနေ ညနေ (၄)နာရီအထိ လေး ကြိမ်ထက်မနည်းကင်းထောက် ပျံသန်းခဲ့တယ်လို့ လွိုင်ကော်မြို့ခံတဦးက DNA ကိုပြောပါတယ်။
စစ်ကောင်စီရဲ့ဂျက်တိုက်လေယာဥ်ဝဲပျံခဲ့တာကြောင့် လွိုင်ကော်၊ဒီးမော့ဆိုနဲ့ ရှမ်းပြည်နယ် ဖယ်ခုံမြို့ နယ်ကစစ်ရှောင်စာသင်ကျောင်းတွေကိုပိတ်ထားခဲ့ရကာ ဒေသခံကလေးငယ်တွေ အထိတ်တလန့်တိမ်း ရှောင်ခဲ့ရတယ်လို့ဆိုပါတယ်။
“လေယာဥ်တွေလာဝဲတော့ကျောင်းပိတ်လိုက်ရတယ်၊ကလေးတွေလည်းဗုံးခိုကျင်းထဲဝင်ပုန်းလိုက်ရတယ်” လို့ ဖယ်ခုံမြို့ကစစ်ဘေးရှောင် ဒေသခံတဦးက ပြောပါတယ်။
စစ်ကောင်စီရဲ့ဂျက်တိုက်လေယာဥ်တွေက ပစ်ခတ် တိုက်ခိုက်မှု လုပ်တာမရှိခဲ့တာကြောင့် ကင်းထောက် ပျံသန်းတာဖြစ်တယ်လို့ဒေသတွင်းကာကွယ်ရေးအင်အားစုတွေနဲ့ ဒေသခံတွေက သုံးသပ်ကြပါတယ်။
“လေယာဥ်နဲ့ပစ်ခတ်တာတို့လက်နက်ကြီးလက် နက် ငယ်နဲ့ပစ်ခတ်တာမရှိဘဲနဲ့ကင်းထောက်လှမ်းတာလို့ပဲသိရတယ်” လို့ တိုးတက်သော ကရင်နီပြည်သူ့အင် အားစု(PKPF) အဖွဲ့ဝင်တဦးကပြောပါတယ်။
အဲ့ဒီလို စစ်ကောင်စီဘက်က တိုက်လေယာဥ်တွေ ဒေသတွင်းပျံဝဲခဲ့တဲ့ ဒီကနေ့မှာ စစ်ကောင်စီလက် အောက်ခံ ကယားပြည်နယ်ဝန်ကြီးချုပ်နဲ့ အဖွဲ့ဝင် တွေက လွိုင်ကော်မြို့မှာ ကယားပြည်နယ်နေ့ဖွင့်ပွဲ တက်ခဲ့ကြတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၀ ရက်မနက်ပိုင်းကလည်း စစ်ကောင်စီတပ်ရဲ့ဂျက်တိုက်လေယာဥ်တစီးနှစ်နာရီကြာ လေးကြိမ်ထက်မနည်း ဝဲပျံခဲ့လို့ ဒေသခံ တွေ နဲ့ကလေးငယ်တွေဟာလေကြောင်းတိုက်ခိုက်ခံရမှာကိုစိုးရိမ်ခဲ့ပြီးဘေးလွတ်ရာတိမ်းရှောင်ခဲ့ကြရပါ သေးတယ်။