ရှမ်းပြည်နယ်အရှေ့ပိုင်း၊ တာချီလိတ်ခရိုင်၊ တာလေမြို့နယ်မှာ မူးယစ်ဆေး လွန်အကျွံသုံးစွဲထားတဲ့ အမျိုးသားတဦးက အိမ်နီးချင်း သားအမိနှစ်ဦးကို ဓါးကောက်နဲ့ခုတ်သတ်ခဲ့တာကြောင့် ငါးနှစ်အရွယ်ကလေးငယ်သေဆုံးသွားတယ်လို့ တာလေမြို့ လောကပါလ ပရဟိတ လူမှုကူညီရေးအသင်းဆီက သိရပါတယ်။
တာလေမြို့နယ် နားယောင်းအုပ်စု ရန်အောင်ကျေး ရွာမှာ နေထိုင်တဲ့ အသက်သုံးဆယ်ကျော် အမျိုး သားတဦးဟာ မူးယစ်ဆေးဝါးအလွန်အကျွံသုံးစွဲခဲ့ပြီးနောက် ဇန်နဝါရီ ၇ ရက်ည ၉ နာရီကျော်လောက်က မီးလှုံနေတဲ့အိမ်နီးချင်းသားအမိနှစ်ဦးကို ဓါးကောက်နဲ့ခုတ်ခဲ့တာကြောင့်ပြင်းထန်ဒဏ်ရာတွေရပြီးကျိုင်းတုံမြို့နယ်ပြည်သူ့ဆေးရုံကြီးမှာကုသမှုခံယူနေချိန် ဇန်နဝါရီ ၈ရက်မနက်ပိုင်းမှာ ကလေးငယ်ကသေဆုံးသွားတာလို့သိရပါတယ်။
“ဓါးနဲ့ခုတ်ခံရတဲ့ သားအမိနှစ်ဦးက မူးယစ်ဆေးဝါးအလွန်အကျူးသုံးစွဲထားတဲ့သူရဲ့ အိမ်ရှေ့မှာ သူ့ရဲ့အမျိုးသမီးနဲ့အတူတူ မီးလှုံနေကြတာ၊ အဲဒီအချိန်မှာ သူက(မူးယစ်ဆေးသုံးထားသူ) ဘာဖြစ်တယ်မသိဘူး အိမ်ထဲကနေထွက်လာပြီး သားအမိနှစ်ယောက်ကို ဓါးကောက်နဲ့ ခုတ်လိုက်တာ၊ကလေးက ဒဏ်ရာဘယ်လောက်ထိပြင်းထန်လဲဆိုရင် ဦးနှောက်ပါပေါ်တဲ့အထိပဲ၊ကလေးကတော့ ကျုံးတုံမြို့ဆေးရုံမှာ ဆုံးသွားခဲ့ပါပြီ”လို့ တာလေမြို့နယ် လောကပါလ ပရဟိတ လူမှုကူညီရေးအသင်း တာဝန်ရှိသူတဦးက DNA ကို ပြောပါတယ်။
ဓါးနဲ့ခုတ်ခံရတာကြောင့် ကလေးငယ်သေဆုံးသွားသလို မိခင်ဖြစ်သူဟာလည်း ဘယ်ဖက်လက်ကျိုးဒဏ်ရာနဲ့ ဦးခေါင်းဒဏ်ရာတွေ ရခဲ့တယ်လို့ သိရပါတယ်။
ကလေးငယ်ဟာ ဒဏ်ရာပြင်းထန်တာကြောင့် တာလေမြို့နယ် ပြည်သူ့ဆေးရုံ၊ တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံနဲ့ ကျိုင်းတုံမြို့နယ် ပြည်သူ့ဆေးရုံတွေဆီအဆင့်ဆင့်လွှဲပြောင်း ပို့ဆောင်ပေးခဲ့ရတယ်လို့ လောကပါလ ပရဟိတလူမှုကူညီရေးအသင်းတာဝန်ရှိသူကပြောပါတယ်။
” (ဓားနဲ့ခုတ်သူက)အခုလိုဆေးကြောင်ပြီးဖြစ်တာ သုံးကြိမ်ရှိပြီလို့သိရတယ်၊ ပထမအကြိမ်တုန်းက သူများကိုသွားရိုက်တာတဲ့၊ဒုတိယအကြိမ်ကတော့ သူ့ကိုယ်သူ တူမီးသေနတ်နဲ့ပစ်တာ ရှပ်ထိသွားတာ အခု တတိယကတော့ သားအမိနှစ်ယောက်ကို ဓါးနဲ့ခုတ်လိုက်တာပေါ့”လို့ သူက ပြောပါတယ်။
သေဆုံးသွားတဲ့ငါးနှစ်အရွယ်ကလေးငယ်ကို ဒီကနေ့ဇန်နဝါရီ ၁၀ ရက်မှာ သင်္ဂြိုလ်ခဲ့ပြီးမိခင်ဖြစ်သူကတော့ ကျိုင်းတုံမြို့နယ် ပြည်သူ့ဆေးရုံကြီးမှာ ဆေးဝါးကုသမှုခံယူနေရဆဲဖြစ်တယ်လို့သိရပါတယ်။
သားအမိနှစ်ဦးကို ဓါးကောက်နဲ့ခုတ်သတ်ခဲ့တဲ့ မူးယစ်ဆေးစွဲနေသူအမျိုးသားကိုတော့ တာလေမြို့ နယ်ရဲစခန်းက ဖမ်းဆီးအရေးယူထားတယ်လို့သိရပါတယ်။
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင်နဲ့ တာလေမြို့နယ်အတွင်းမှာ မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှုတွေများပြားနေပြီး သက်ဆိုင်ရာကလည်း ထိရောက်တဲ့အရေးယူမှုတွေမရှိဘူးလို့ ဒေသခံတဦးက DNA ကို ပြောပါတယ်။
” မူးယစ်ဆေးဝါး ရောင်းချသုံးစွဲနေသူတွေက အများအပြားရှိနေဆဲပဲ၊ အခုလို မူးယစ်ဆေးကြောင်ပြီးတော့ ပြဿနာဖြစ်နေတာတွေလည်း မကြာခဏ ကြားနေရတယ်၊သက်ဆိုင်ရာကလည်း ထိရောက်တဲ့ အရေးယူမှုတွေမရှိဘူး၊နောက်ပြီး ဆေးစွဲနေတဲ့သူတွေ ဆေးဖြတ်ဖို့အတွက် တာချီလိတ်မြို့နယ်မှာရှိတဲ့ ဆေးဖြတ်စခန်းကလည်း စျေးနှုန်းကများတယ်လေ။ ဝင်ဝင်ချင်းကို ထိုင်ဘတ်ငွေက ၁၅၀၀၀ ရှိတယ်၊ နောက်ပြီး လစဥ်ကြေးက ဘတ် ၃၆၀၀ ရှိတော့ ငွေကြေးမတတ်နိုင်သူတွေက အဆင်မပြေကြဘူး”လို့ သူကပြောပါတယ်။