ဟုမ္မလင်းမြို့က သုံးရက်ကြာတိုက်ပွဲမှာ စစ်အုပ်စုက စစ်ကြောင်းမှူးအပါအဝင် ရှစ်ဦးသေ

စစ်ကိုင်းတိုင်း ဟုမ္မလင်းမြို့နယ်အတွင်း သုံးရက်ကြာတိုက်ပွဲမှာ စစ်အုပ်စုဘက်က စစ်ကြောင်းမှူး အ ပါအဝင် ရှစ် ဦးသေဆုံးခဲ့ပြီး လက်နက်ခဲယမ်းတွေနဲ့ ရုပ်အလောင်းတွေသိမ်းဆည်းရမိထားတယ်လို့ ဟုမ္မလင်း ပြည်သူကာကွယ်ရေးအဖွဲ့ HPDF-124 က ထုတ်ပြန်ပါတယ်။

ဟုမ္မလင်းမြို့နယ်၊ နတ်နန်းမှော်ဈေးတန်းဂိတ်ကို စစ်အုပ်စုနဲ့ ရှမ်းနီ SNA တပ်တို့ပူးပေါင်းပြီးဇန်နဝါရီ (၅) ရက်မှာစတင်တိုက်ခိုက်ရာက သုံးရက်ကြာတိုက်ပွဲ ဖြစ်ခဲ့တာလို့ဆိုပါတယ်။

စစ်ကောင်စီဘက်က စတင်ထိုးစစ်ဆင်တဲ့နေ့မှာ ကာ ကွယ်ရေးတပ်တွေဘက်က အဲ့ဒီဂိတ်ကိုလက်လွှတ်ဆုတ်ခွာခဲ့ရပြီး စစ်အသုံးအဆောင်တချို့သိမ်း ဆည်းခံရပေမယ့် သုံးရက်ကြာတိုက်ပွဲအပြီးမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများခဲ့တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

” အဲဒီဂိတ်က PDF တွေ စစ်ဆေးရေးလုပ်နေတဲ့ ဂိတ်ပါ၊ စစ်အုပ်စုက အဲဒီဂိတ်ကိုသွားတိုက်ကြတာပါ၊ အခုတော့ တိုက်ပွဲတွေမရှိသေးပါဘူး၊စစ်တပ်ဘက်ကလည်း ပြန်ဆုတ်သွားတယ် ” လို့ ဒေသခံ တဦးကDNA ကို ပြောပါတယ်။

အဲဒီ PDF စစ်ဆေးရေး ဂိတ်ကို စစ်အုပ်စုနဲ့ ရှမ်းနီတပ်အင်အား တရာလောက်က သုံးရက်ကြာ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ တိုက်ခိုက်ခဲ့သလို အင်အားဖြည့်တင်းမှုတွေလည်း လုပ်ခဲ့တယ်လို့သိရပါတယ်။

တိုက်ပွဲတွေအပြီး ဒေသကာကွယ်ရေးအဖွဲ့တွေက ဇန်နဝါရီ ၉ ရက်မှာ နယ်မြေရှင်းလင်းရေးလုပ်ရာမှာစစ်အုပ်စုဘက်က အလောင်း နှစ်လောင်း နဲ့ ကျည် ၊ ကျည်ဘောက် ၊ လက်ကိုင်ဖုန်း ၊ လက်နက်ကြီး အဆံ ၊စတဲ့စစ်အသုံးအဆောင် ပစ္စည်းတွေကို ရှာဖွေသိမ်းဆည်းနိုင်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

တိုက်ပွဲအတွင်းမျက်မြင် အခြေအနေတွေအရ စစ်ကောင်စီဘက်က ရှစ်ဦးထက်မနည်းသေတဲ့အပြင် ထိခိုက်ကျဆုံး များပြားပြီး ဒဏ်ရာရသူတွေကို နောင်ပိုအောင်ဆေးရုံမှာ ကုသနေကြောင်းကြားသိရတယ်လို့ HPDF-124 ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အဲဒီတိုက်ပွဲမှာ ပြည်သူကာကွယ်ရေး အဖွဲ့ဘက်က ခန္တီးခရိုင် တပ်ရင်း (၁) ဟုမ္မလင်း ၊ HPDF-124 ၊ မိုးကြိုး ၊ HPDF မဟာမိတ် တပ်ပေါင်းစုတို့ ပူးပေါင်းပါဝင်ခဲ့ပြီး တပ်ဖွဲ့ဝင်တဦး မစိုးရိမ်ရ ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။