လေလှိုင်းထဲကအစိုးရမဖြစ်ရေး NUG သမ္မတ သတိပေး

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ တော်လှန်ရေးအင်အားစုတွေအနေနဲ့ တော်လှန်ရေးနယ်မြေတွေကို ခြေကုတ်မြဲမြဲယူနိုင်ဖို့ စစ်ရေးနဲ့ အုပ်ချုပ်ရေးကို ယှဉ်တွဲ တည်ဆောက်ရမှာဖြစ်ပြီး NUG အစိုးရဟာ လေလှိုင်းထဲက အစိုးရ မဖြစ်စေရဘူးလို့ NUG အစိုးရ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။ 

NUG အစိုးရရဲ့ ၈၂ ကြိမ်မြောက် အစိုးရအဖွဲ့ အစည်းအဝေးကို ဒီကနေ့ ဇန်နဝါရီ (၁၀)ရက်မနက်ပိုင်းက ပြုလုပ်ရာမှာယာယီသမ္မတ ဒူဝါလရှီးလက အထက်ပါအတိုင်း သတိပေးပြောကြားလိုက်တာပါ။ 

“ကျွန်တော့်အနေနဲ့ ၂၀၂၃ ခုနှစ်ထဲမှာ  စစ်ရေးရလဒ်နဲ့ နိုင်ငံရေးရလဒ်တွေ သိသိသာသာ ထွက်ပေါ်ဖို့ အထူးမျှော်လင့်ပါတယ်။ ကျွန်တော် မျှော်လင့်သလိုပဲ ပြည်သူလူထုကလည်း မျှော်လင့်တကြီး စောင့်မျှော်နေမယ်လို့ ယုံကြည်ပါတယ်။ ကျွန်တော်တို့ NUG အစိုးရဟာ အတိတ်က ဖြစ်ခဲ့တဲ့ နိုင်ငံရေး အမှားတွေကို သင်ခန်းစာယူရပါလိမ့်မယ်။ ” လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။

ဒါအပြင် ယာယီသမ္မတက NUG အစိုးရရဲ့ စစ်ရေးစိုးမိုးဧရိယာတွေ ကျယ်ပြန့်လာတာနဲ့အညီ အဲဒီနယ်မြေတွေမှာ ပြည်သူ့အုပ်ချုပ်ရေးယန္တရား စနစ်တကျ အသက်ဝင်ဖို့ အထူးပြုလုပ်ဆောင်ဖို့ ပြောပါတယ်။ စစ်ရေးနဲ့ အုပ်ချုပ်ရေးကို ယှဉ်တွဲတည်ဆောက်နိုင်မှ လွတ်မြောက်နယ်တွေကို ခြေကုပ်မြဲနိုင်မယ်လို့ ဆိုပါတယ်။ 

လက်ရှိမှာ စစ်ဘေးကြောင့် ထွက်ပြေးတိမ်းရှောင်ရတဲ့ ဒုက္ခသည်ဦးရေးက ပြည်တွင်းနဲ့ နယ်စပ်မှာပါ များပြားတိုးတက်လာတာကို ယာယီသမ္မတက ထည့်သွင်းပြောကြားခဲ့ပြီး NUG အစိုးရဟာ လူမှုကူညီကယ်ဆယ်‌ရေး လုပ်ငန်းတွေမှာ အကန့်အသတ်နဲ့ အားနည်းချက်တွေ ရှိနေတာ၊ ပြည်ပနိုင်ငံအသီးသီးကို နေ့စဉ် ရရာ လမ်းကြောင်းကနေ ရွေ့ပြောင်းနေတဲ့ ပြည်သူလူထုအရေအတွက် များပြားလာနေတာကိုလည်း ဝန်ခံပြောကြားသွားပါတယ်။ 

ဒါ့အပြင် ပုသိမ်ထောင်တွင်းက လူ့အခွင့်အရေးချိုးဖောက်မှုတွေအပါအဝင် အကျဉ်းထောင်တွင်းက အကြမ်းဖက်မှုတွေ၊ ညှင်းပန်းနှိပ်စက်မှုတွေ၊ မတရားသတ်ဖြတ်မှုတွေနဲ့ ပတ်သက်လို့ အချက်အလက်စုဆောင်းကာ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေထံ ပေးပို့ကာ နည်းလမ်းမျိုးစုံနဲ့ တရားမျှမှု ဖော်ဆောင်သွားမယ်လို့ NUG အစိုးရက ဆိုပါတယ်။ 

မြန်မာနိုင်ငံမှာ ကိုဗစ်ကြောင့် စီးပွားရေးကျင်ဆင်းမှုနဲ့ စစ်တပ် အာဏာသိမ်းမှုတို့ကြောင့် တလကို လေးသောင်းခန့် ပြည်ပကို နည်းအမျိုးမျိုးနဲ့ ထွက်ခွာနေပြီး ဆက်လက်မြင့်တက်နေတယ်လို့ နိုင်ငံတကာအဖွဲ့အစည်း IOM ကပြီးခဲ့တဲ့ ဒီဇင်ဘာလက ထုတ်ပြန်ပါတယ်။ 

စစ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံမှာ ပြည်တွင်း စစ်ပြေးဒုက္ခသည် ၂သန်းနီးပါး ရှိလာတယ်လို့ ISP-Myanmar က ထုတ်ပြန်ထားပါတယ်။ 

ဒါအပြင် ၂၀၂၃ ဟာ တော်လှန်ရေး တဆစ်ချိုး အပြောင်းအလဲတွေ ရှိလာမယ့် နှစ်လို့ ယာယီသမ္မတက ဆိုထားပြီး သက်ဆိုင်ရာတာဝန်ရှိသူ အသီးသီးနဲ့ မဟာမိတ်စစ်ရေးပေါင်းစည်းမှုတွေ တည်ဆောက်နေတယ်လို့ ဆိုပါတယ်။