စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ ရွာကိုးရွာမီးရှို့ခဲ့တဲ့စစ်ကြောင်းနှစ်ကြောင်းက ဒေသခံဆယ်ဦးထက်မနည်းဖမ်းဆီးကာ လူသားတံတိုင်းအဖြစ်အသုံးပြုပြီးရေဦးမြို့နယ်ကချုံရွာနဲ့တင်းတိန်ရံရွာဖက်တွေကိုဆက်လက်စစ်ကြောင်းထိုးနေတယ်လို့သိရပါတယ်။
အဲ့ဒီ့စစ်ကြောင်းဟာဒီပဲယင်းနယ်ထဲကစိုင်းပြင်မြို့၊ မြို့မစျေးနဲ့လူနေအိမ်ခြေတွေအပါအဝင်၊ ကြည်ရွာ၊ ဘုရားထွက်ရွာ၊ မကျည်းစောက်ရွာ၊ ဆပ်ပြာကျင်း၊ ဘုတ်ရွာ၊ အင်းတိုင်လေး၊ ကုန်းရိုးက အရပ်သားပြည်သူတွေရဲ့နေအိမ်တွေကိုမီးတင်ရှို့ခဲ့တာဖြစ်ပြီး စျေးဆိုင်ခန်းတွေလူနေအိမ်ခြေတရာနီးပါးမီးလောင်ပျက်စီးဆုံးရှူံးခဲ့ရတယ်လို့ ဒေသကာကွယ်ရေး အင်အားစုတွေကပြောပါတယ်။
“ဒီပဲယင်းနယ် စစ်ကြောင်းဝင်တဲ့ကျေးရွာတချို့မှာ ပျောက်ဆုံးနေကြတဲ့ ပြည်သူတချို့လဲရှိနေပါတယ်၊မနေ့က ဒီပဲယင်းနယ် အင်တိုင်းလေးရွာမှ အသက်ကြီးကြီး အဘိုးအိုတဦး မီးထဲပါ သေဆုံးခဲ့ရပါတယ်၊အခု အဲ့ဒီ…(စစ်တပ်)စစ်ကြောင်း၂ခုက ဒီနေ့မနက် ရေဦးနယ်အနောက်ခြမ်း တင်းတိန်ရံဘက်ကို ဝင်လာတယ်၊ လူတွေဖမ်းလာတာလူလတ်ပိုင်းများတယ်၊ ခန့်မှန်းချေပြောရရင် ၁၀ယောက်ကျော်လောက်ပါမယ်ဗျ”လို့ ဒေသအခြေစိုက်ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက DNA ကိုပြောပါတယ်။
လက်ရှိမှာစစ်ကောင်စီစစ်ကြောင်းနှစ်ခုဖြစ်တဲ့ခမရ ၃၆၄ နဲ့ ခလရ ၇၀၁ က ဒီပဲယင်းဖက်ကဖမ်းဆီးလာတဲ့ဒေသခံတွေကိုလူသားဒိုင်းအဖြစ်အသုံးပြုပြီး ရေဦးမြို့နယ်ထဲက မြို့ကြီးရွာ ရွှေသိမ်တော်ကျောင်းကိုတဖွဲ့နဲ့ ပေါက်တောရွာကဆက်ထွက်လာတဲ့ စစ်ကြောင်းဟာ ချုံရွာဖက်ကိုဆက်လက်ထွက်ခွာနေသလိုဒေသအခြေစိုက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့လဲဆက်တိုက်ဆိုသလိုထိတွေ့တိုက်ပွဲတွေဖြစ်နေတယ်လို့သိရပါတယ်။
လက်ရှိအချိန်အထိတော့ စစ်ကြောင်းဝင်ရောက်နေတဲ့ရွာတွေကိုမီးရှို့တာမျိုးမရှိသေးပေမယ့် လူသားဒိုင်းတွေအသုံးပြုထားတဲ့အတွက်ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့တိုက်ခိုက်ရာမှာအခက်အခဲဖြစ်နေသလို ပြည်သူတွေအနေနဲ့စစ်ကောင်စီစစ်ကြောင်းရောက်လာနိုင်တဲ့ကြိုတင်သတိပေးချက်တွေကိုနားထောင်ကြဖို့လိုအပ်နေတယ်လို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကပြောပါတယ်။
“တော်လှန်ရေးလုပ်နေတဲ့အချိန်မှာ ကိုယ့်ပြည်သူဖမ်းမိသွားရင် ဘာမှကိုလုပ်မရတော့တာပါ၊ဒါကြောင့် ဒီအချိန်အထိ ဒီကောင်တွေ အသက်ရှည်နေတာပါ၊ခုက SNA(ရှမ်းနီတပ်) တွေလဲပါတယ်၊ ရွာနားမှာကပ်လာတော့မှရှောင်တော့အကုန်မိရော၊ကျွန်တော်တို့ဘက်နဲ့ထိတွေ့တာရှိတယ်၊ဒီကောင်တွေဘက်ကလဲသေတယ်”လို့ People’s Defense Commrade တပ်ဖွဲ့ တာဝန်ရှိသူတဦးကပြောပါတယ်။
လက်ရှိအချိန်မှာတော့အဲ့ဒီ့စစ်ကြောင်းနှစ်ကြောင်းဝင်ရောက်တဲ့ဒီပဲယင်းမြို့နယ်ထဲကရွာတွေမှာ ဖမ်း ဆီးခံရတာတွေ၊မပြေးနိုင်ဘဲ ကျန်ခဲ့လို့ မီးလောင်သေဆုံးခဲ့ရတဲ့သက်ကြီးရွယ်အိုတွေရှိနေသလို၊စစ်ကောင်စီတပ်တွေကဖမ်းဆီးသွားတဲ့ပြည်သူတွေအများအပြားရှိနေပြီးလက်ရှိအချိန်မှာတော့ဖမ်းဆီး၊သေဆုံးပြည်သူဦးရေကိုအတည်မပြုနိုင်သေးဘူးလို့ ဆိုပါတယ်။