မြောင်နယ် ပန်းညိုရွာကို မီးရှို့နေတဲ့စစ်တပ်ကို ကာ ကွယ်ရေးတပ်တွေ တိုက်ခိုက်လို့ရွာလုံး ကျွတ် ပြာကျမယ့်ဘေးကလွတ်

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဧရာဝတီ မြစ်ကမ်း က ပန်းညိုရွာကို စစ်ကောင်စီက အင်အား တရာဝန်းကျင်နဲ့ စစ်ကြောင်းထိုးကာ ဇန်နဝါရီ ၉ ရက် ညနေပိုင်းမှာမီးရှို့ဖျက်ဆီးချိန်ဒေသခံကာကွယ်ရေးပူးပေါင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်ပြီး တရွာလုံး မီးလောင်ပြာကျမယ့်ဘေးကနေ ကာကွယ်နိုင်ခဲ့တယ်လို့ ကာကွယ်ရေးအင်အားစုတွေကပြောပါ တယ်။

စစ်ကောင်စီစစ်ကြောင်းဟာ ပန်းညိုရွာကို ဇန်နဝါရီ ၇ ရက်ကစလို့ ဧရာဝတီမြစ်ကြောင်းအတိုင်း ဝင်ရောက်လာတာဖြစ်တာဖြစ်ပြီး နှစ်ရက်ဆက်တိုက် တိုက်ပွဲတွေလည်းဖြစ်ခဲ့တယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေဆီကသိရပါတယ်။

“မီးစရှို့တော့ ပုံမှန်တိုက်ပွဲမျိုးမဟုတ်တော့ဘဲနဲ့ ရွာထဲထိဝင်ပစ်တော့တာပေါ့ဗျာ၊ အဲ့လိုမျိုးဝင်မပစ်ဘူးဆိုရင်လည်းတရွာလုံးကုန်တော့မှာ၊ လေကလည်းတိုက်နေတယ်၊ မီးကလဲရှို့နေတယ်ဆိုတော့ တရွာလုံးကုန်မှာ၊ ရွာကလည်းအကူအညီတောင်းတယ်၊ မထူးတော့ဘူးဆိုပြီး အကုန်ဝင်တိုက်ကြတာ” လို့ မြောင်ကာကွယ်ရေးတပ်က  ကိုနွေဦး ( မြောင်) ကပြောပါတယ်။ 

ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ကျေးရွာထဲထိ ဝင်ရောက်ပစ်ခတ်တိုက်ခိုက်တာမှာ စစ်ကောင်စီစစ် စစ်ကြောင်းက ပြန်လည်ခုခံနိုင်ခြင်းမရှိပဲ ကျေးရွာ ထဲကခိုးပြီးယူသွားဖို့မြစ်ဘေးမှာပုံထားတဲ့ပစ္စည်းတွေပါ ထားခဲ့ပြီး မော်တော်တွေနဲ့မြစ်ကြောင်းအတိုင်းထွက်ပြေးသွားကြတယ်လို့ဆိုပါတယ်။

စစ်ကောင်စီစစ်ကြောင်းကမီးရှို့ခဲ့လို့ ပန်းညိုရွာက နေအိမ်တရာ့ငါးဆယ်လောက်မီးလောင်ပျက်စီးခဲ့ပေမယ့် ကာကွယ်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်တာကြောင့် အဲ့ဒီရွာက အိမ်ခြေကိုးရာကျော်လုံး မီးလောင်ပြာကျမယ့်ဘေးကိုတော့ကာကွယ်နိုင်ခဲ့တယ်လို့ဆိုပါတယ်။

မီးရှို့နေတဲ့စစ်ကောင်စီစစ်ကြောင်းကို မြောင်မြို့ နယ်၊ မြင်းခြံမြို့နယ်၊ မြင်းမူမြို့နယ်နဲ့ ရေစကြို မြို့နယ် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ 

ပန်းညိုရွာဟာ မြောင်မြို့ တောင်ဘက်အစွန်ဆုံး ရွာတရွာဖြစ်ပြီး မန္တလေးတိုင်း မြင်းခြံနယ်၊မကွေးတိုင်း ရေစကြိုနယ်တွေနဲ့ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်တွေသာခြားပြီး ချင်းတွင်းမြစ်နဲ့ ဧရာဝတီ မြစ်ဆုံ အနီးက ရွာတရွာဖြစ်ပါတယ်။

စစ်ကောင်စီဟာ မြောင်မြို့နယ် ဧရာဝတီမြစ် အရှေ့ ဘက်ကမ်းကကျေးရွာတွေကိုစစ်ကြောင်းထိုးတာအပြင် လက်နက်ကြီးနဲ့ပစ်ခတ်တာ၊ ဒရုန်းတွေနဲ့ဗုံးကျဲ တာမျိုးတွေပါလုပ်နေတာဖြစ်တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ဒီနှစ် ၂၀၂၃ ခုနှစ်အတွင်း မြောင်မြို့နယ်မှာ စစ်ကောင်စီကစစ် ကြောင်းထိုးတာ ပိုစိပ်လာတယ်လို့ဆိုပါတယ်။

စစ်ကောင်စီရဲ့စစ်ကြောင်းထိုးမီးရှို့ဖျက်ဆီးမှုတွေကြောင့်ဧရာဝတီမြစ်ကမ်းဘေးတလျောက်ကျေးရွာတွေကပြည်သူထောင်ချီပြီးစစ်ဘေးရှောင်နေကြရတယ်လို့ ကိုနွေဦးကပြောပါတယ်။ 

စစ်ကောင်စီကမီးရှို့ဖျက်ဆီးခဲ့တဲ့ ညောင်ကားယား ကျေးရွာနဲ့ ပန်းညိုကျေးရွာနှစ်ရွာတည်းကပဲ စစ်ရှောင်ပြည်သူငါးထောင်ဝန်းကျင်ရှိနေပြီး စစ်ရှောင်ချိန်ကြာလာတာနဲ့အမျှ စားဝတ်နေရေး၊ ကလေးသူ ငယ်နဲ့သက်ကြီးရွယ်အိုတွေရဲ့ကျန်းမာရေး အခက်အခဲတွေနဲ့ရင်ဆိုင်နေကြရတယ်လို့ ဆိုပါတယ်။