ဝေးလ်စ် အသင်းခေါင်းဆောင် ဘေးလ် ဘောလုံးသမား ဘဝကနေ အနားယူ

တော့တင်ဟမ် ဟော့စပါးနဲ့ ရီးရဲလ်မက်ဒရစ် အသင်းတွေမှာ အောင်မြင်ခဲ့ဖူးပြီး ဥရောပ ချန်ပီယံလိဂ် ဆုဖလားကို ၅ ကြိမ် ကိုင်မြှောက်ဖူးခဲ့သူ ဂါရတ်သ်ဘေးလ်ဟာ ပရော်ဖက်ရှင်နယ် ဘောလုံးသမား ဘဝကို ကျောခိုင်း စွန့်ခွာသွားပြီ ဖြစ်ပါတယ်။

အသက် ၃၃ နှစ်သာ ရှိသေးတဲ့ ဝေးလ်စ် လက်ရွေးစင် တောင်ပံ တိုက်စစ်သမားဟာ အမေရိကန်ကလပ် လော့စ်အန်ဂျလိစ် အသင်းမှာ ကစားနေသူပါ။ ဇန်နဝါရီ ၉ ရက်မှာတော့ ဘေးလ်က သူဟာ လက်ရွေးစင် အဆင့်ကရော၊ ကလပ်အသင်းကပါ အနားယူတော့မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ပရိသတ်တွေဆီ အသိပေး ကြေညာခဲ့ပါတယ်။

သူဟာ လော့စ်အန်ဂျလိစ် အသင်းနဲ့ အခုနှစ် နွေရာသီထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးပေမယ့် ဘောလုံးသမား ဘဝကို အချိန်စောပြီး ကျောခိုင်း စွန့်ခွာခဲ့တာ ဖြစ်ပါတယ်။ ဘေးလ်ဟာ ဝေးလ်စ် အသင်းအတွက် ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲမှာ အသင်းခေါင်းဆောင် တာဝန် ယူခဲ့ဖူးပါတယ်။

သူဟာ ဆောက်သမ်တန်မှာ စတင် ကျော်ကြားလာတဲ့နောက် တော့တင်ဟမ် အသင်းက စာချုပ် ခေါ်ယူခဲ့ပါတယ်။ အဲဒီနောက်မှာမှ ၂၀၁၃ ခုနှစ်က ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး စတာလင်ပေါင် ၈၅ သန်းနဲ့ စပိန်ထိပ်တန်းကလပ် ရီးရဲလ်ဆီ ရောက်ရှိခဲ့ပြီး သူ့ဘဝရဲ့ အတောက်ပဆုံး အောင်မြင်မှုတွေကို ပိုင်ဆိုင်ခဲ့ပါတယ်။

ဘေးလ်က ဘောလုံးသမား ဘဝက အနားယူတော့မယ် ဆိုတာဟာ သူ့ရဲ့ ဘဝတလျှောက် အခက်ခဲဆုံး ဆုံးဖြတ်ချက် တစ်ခုလို့ ဖွင့်ဟခဲ့ပါတယ်။ ဘေးလ်ဟာ လက်ရွေးစင် အသင်းအတွက် ၁၁၁ ပွဲကစားပြီး ၄၁ ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ သူ့အနေနဲ့ ချစ်မြတ်နိုးခဲ့တဲ့ အားကစားနည်းမှာ ပါ​ဝင်ကစားရင်း အိပ်မက်တွေကို အကောင်အထည် ဖော်နိုင်ခဲ့ကြောင်း၊ အတက်အကျ မျိုးစုံနဲ့ ဘောလုံးရာသီ ၁၇ ခုကို ဖြတ်သန်းခဲ့တဲ့ အတွေ့အကြုံတွေဟာ အနာဂတ်မှာ ဘဝကို ဘယ်လို ဖြတ်သန်းဖို့ ရွေးချယ်ပါစေ၊ ပြန်လည် အစားထိုး တုပလို့ မရနိုင်တော့ကြောင်း ဘေးလ်က မှတ်ချက် ပေးသွားခဲ့ပါတယ်။