KNU တပ်မဟာ(၅)နယ်မြေ ဖာပွန်ဒေသမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် တရက်တည်း ခြောက်ဦး သေဆုံး

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၅)နယ်မြေ၊မူတြော်ခရိုင်(ဖာပွန်ဒေသ)အတွင်း စစ်တပ်က ဇန်နဝါ ရီ(၇)ရက်မှာ တိုက်လေယာဉ် (၇)စီးနဲ့ လေကြောင်းတိုက်ခိုက်မှုအပြင်းအထန်လုပ်ခဲ့လို့ ဒွဲလိုးမြို့နယ်၊ယာထီးထ ကျေးရွာထဲက လူနေအိမ်တအိမ်ထိမှန်ပြီး လူခြောက်ဦး သေဆုံးခဲ့တယ်လို့ မူတြော်သတင်းစဉ်က ထုတ်ပြန်ပါ တယ်။

ယာထီးထ ကျေးရွာထဲက လူနေအိမ်ပေါ်ကိုစစ်တပ် လေကြောင်းက ပစ်ခတ်တဲ့ လက်နက်ကြီး လေးလုံးအထိ ကျရောက်ပေါက်ကွဲခဲ့ပြီး ရွှေတူးဖော်ရေး လုပ်ငန်းလုပ်ကိုင်တဲ့မိသားစုလေးဦးနဲ့ အလုပ်သမားနှစ်ဦး စုစုပေါင်း ခြောက်ဦး သေဆုံးသွားတာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

“သေဆုံးတဲ့အတည်ပြုချက်ကတော့ခြောက်ယောက်ပဲ၊အချို့မီဒီယာတွေမှာတင်ထားတဲ့အယောက်(၅၀)ကတော့မဖြစ်နိုင်ဘူး၊အဲ့လောက်ထိသေစရာအကြောင်းလဲမရှိဘူး၊သေဆုံးတဲ့၆ယောက်ကလဲစကစကပစ်လိုက်တဲ့ဗုံးကသူတို့အိမ်ပေါ်ကျလို့သူတို့သေတာကအလောင်းတောင်ကျွန်တော်တို့ပြန်မရနိုင်ဘူး၊ခြေပြတ်လက်ပြတ်အူတွေပါထွက်အက်လောက်ထိအခြေနေဆိုးသွားတယ်ပေါ့နော်၊လူအယောက်၅၀/၊၆၀သေဆုံးတယ်ဆိုတာမရှိပါဘူး” လို့ဖြစ် စဉ်ကိုသိရှိတဲ့ဒေသခံတဦးကပြောပါတယ်။

စစ်ကောင်စီဟာ ဇန်နဝါရီ (၇)ရက်တရက်တည်း အဲ့ဒီဒေသကို လေကြောင်းကနေ ဗုံးအလုံးငါးဆယ်လော က်အ ထိ ကျဲချတိုက်ခိုက်ခဲ့တာဖြစ်ပြီး သေဆုံးသွားသူတွေကယာထီးထကျေးရွာနေ ဒေါ်နွယ်နီနဲ့ သားနှစ်ဦး၊ ချွေးမ တဦးနဲ့ ရွှေလုပ်သား နှစ်ဦးတို့ ဖြစ်တယ်လို့ သိရပါတယ်။

ဗုံးကျဲတိုက်ခိုက်မှုကြောင့် ဒေသတွင်း ဆေးခန်းတလုံး အပါအဝင် အခြားအဆောက်အဦး (၇)လုံး ထိခိုက်ပျက်စီး သွားတဲ့အပြင် ဒေသခံတွေ လုပ်ကိုင်စားသောက်တဲ့ တောင်ယာစိုက်ခင်းတွေ ပျက်စီးသွားတယ် လို့သိရပါတယ်။

KNU တပ်မဟာ (၅) ဌာနချုပ်အနီး ဒေးပူနိုဒေသမှာလည်း တိုက်လေယာဉ်နှစ်စီးနဲ့ ဗုံးလေးလုံး ကျဲချတိုက်ခိုက်ခဲ့ တာကြောင့် ဒေသခံရွာသားတစ်ဦး ဒဏ်ရာရခဲ့ပြီး နေအိမ်တလုံးနဲ့ မော်တော်ယာဉ်တစီး ထိမှန်ပျက်စီးခဲ့ပါ သေးတယ်။