ပေါက်မြို့နယ်၊ ဝန်လဲရိုး အထက်စုရွာကို စစ်တပ်မီးရှို့လို့ တရွာလုံးနီးပါး ပြာကျ

မကွေးတိုင်း၊ ပေါက်မြို့နယ်၊ အရှေ့တောင်ပိုင်း ဝန်လဲရိုးအထက်စုကျေးရွာကို ဇန်နဝါရီ ၈ ရက် မနေ့ကမနက်ပိုင်း မှာ စစ် ကောင်စီတပ်နဲ့ ပျူစောထီးတွေက စစ်ကြောင်းထိုးဝင်ရောက်ကာ မီးရှို့ဖျက်ဆီးခဲ့လို့ အိမ်ခြေ ခြောက်ဆယ် ကျော် မီးလောင်ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ ဝန်လဲရိုးအထက်စုကျေးရွာက အိမ်ခြေ ၇၀ နီးပါးကို မီးရှို့ဖျက်စီးခဲ့တာဖြစ်ပြီး တရွာ လုံးမှာ အိမ်ရှစ်လုံးလောက်သာ ကျန်ပြီး ကျန်အိမ်အားလုံးမှာ မီးလောင်ပြာကျသွားခဲ့တယ်လို့ စစ်ဘေးနဲ့ မီးဘေးသင့် ဒေသခံတွေကို ကူညီနေသူတဦးက ပြောပါတယ်။

“ပထမတကြိမ် ဝင်တုန်းက ဘုန်းကြီးကျောင်းထဲက ဇရပ် သုံးလုံးကို ရှို့သွားတယ်၊အဲကနေ ထွက်ပြီးတော့ ရွာ တွေ ကို မဝင်ဘဲ တောလမ်းအတိုင်း ထွက်ပြီးတော့မှ ပျူရွာအထိ သွားတယ်၊ကြားထဲက ရွာစဉ်ကို မီးမရှို့ပဲ ဒီရွာကိုပဲ ပြန် ပြီးတော့ မနေ့ကမှ အကုန်လုံးကို မီးရှို့သွားတာပါ”လို့ သူက ပြောပါတယ်။

ပျူစောထီးတွေလည်း ပါဝင်တဲ့ စစ်ကောင်စီတပ်ဖွဲ့ အင်အား ၁၄၀ ဝန်းကျင်ဟာ ဝန်လဲရိုးအထက်စုကျေးရွာကို ဇန် နဝါရီ ၂ ရက်မှာ စစ်ကြောင်းထိုးလာပြီး ဘုန်းကြီးကျောင်းထဲက ဇရပ် သုံးဆောင်ကို မီးရှို့ဖျက်စီးကာ ဝန်လဲရိုး အထက်စုရွာ အနောက်ဘက် ပျူရွာတွေဘက် ထွက်သွားခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီနောက် ဇန်နဝါရီ ၈ ရက်မနေ့ကတော့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ ပျူစောထီး အင်အား ၈၀ ကျော်လောက်နဲ့ ဝန်လဲရိုးအထက်စုကျေးရွာကို ပြန်လာကာ တရွာလုံးနီးပါးကို မီးရှို့ဖျက်စီးခဲ့တာဖြစ်ပါတယ်။

“မီးရှို့ခံရတဲ့ ရွာသားတွေကတော့ အတော်လေး ခက်ခဲနေတယ်၊မီးဘေးသင့်ရွာကတော့ အကူအညီ ပိုလိုအပ်နေ တာပါ၊မီးရှို့ခံရတဲ့ ရွာကတော့ ရွာကိုလည်း ပြန်ကပ်လို့ မရသေးဘူး၊သူတို့ ပြန်စရာလည်း အိမ်လည်း မရှိတော့ ဘူးဗျာ၊ စစ်ကြောင်ဦးတည်တဲ့ ရွာတွေက ပြေးတယ်၊ပေါက်က ရွာတွေ အတော်များများကတော့ မီးရှို့ခံနေရ တယ်”လို့ သူက ပြောပါတယ်။

မကွေးတိုင်း၊ ပေါက်မြို့နယ်မှာ စစ်ကောင်စီကလူနေကျေးရွာတွေထဲ စစ်ကြောင်းထိုး မီးးရှို့တာတွေလုပ်နေလို့ ဒေသခံအများအပြား စစ်ဘေးရှောင်နေရသလို စားဝတ်နေရေးအခက်အခဲတွေနဲ့ ရင်ဆိုင်နေရပြီး အကူအညီရရှိမှု လည်း နည်းပါးနေတယ်လို့ ဆိုပါတယ်။

ပေါက်မြို့နယ်ဟာ မကွေးတိုင်းထဲမှာ အရပ်သားပြည်သူအိမ်တွေ မီးရှို့ခံရမှု အအများဆုံး မြို့နယ်တစ်ခုဖြစ်ပြီး စောင့်ကြည့်လေ့လာသူတွေရဲ့ စာရင်းတွေအရ အိမ်ခြေ သုံးထောင် လောက် မီးရှို့ဖျက်ဆီးခြင်း ခံထားရပါတယ်။