မန်စီးတီးကို ဂိုးပြတ်ရှုံးတဲ့ပွဲမှာ မန်နေဂျာဟောင်းရဲ့ နာမည်ကို အော်ဟစ်ပြီး ချဲလ်ဆီး ပရိသတ်တွေ ဆန္ဒပြ

မန်ချက်စတာ စီးတီး အသင်းကို ဂိုးပြတ် အရေးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ ချဲလ်ဆီး ပရိသတ်တွေဟာ မန်နေဂျာဟောင်း သောမတ်စ် တူဟဲလ်ရဲ့ နာမည်ကို အော်ဟစ်ပြီး လက်ရှိ နည်းပြအဖွဲ့ကို ဆန္ဒပြခဲ့ကြပါတယ်။

မန်နေဂျာ ဂရေဟမ်ပေါ့တား ကိုင်တွယ်နေတဲ့ လန်ဒန်ကလပ်ဟာ အက်ဖ်အေ ရှုံးထွက်ဖလား ပွဲစဉ်အဖြစ် စီးတီးကို အဝေးကွင်း အစ်တီဟတ်မှာ သွားရောက် ယှဉ်ပြိုင်ခဲ့တဲ့အခါ ၄-၀ နဲ့ ပြတ်ပြတ်သားသား အရေးနိမ့်ခဲ့ပါတယ်။ မကြာသေးခင်ကလည်း ချဲလ်ဆီးဟာ ပရီးမီးယားလိဂ် အမှတ်ပေး ပွဲစဉ်မှာ စီးတီးကိုပဲ ၁-၀ နဲ့ ရှုံးထားပါသေးတယ်။

ချဲလ်ဆီးဟာ ပြီးခဲ့တဲ့ ပွဲစဉ် တော်တော်များများမှာ ရလဒ်တွေ ဆက်တိုက် ယိမ်းယိုင်ခဲ့သလို အခုပွဲမှာလည်း ပထမပိုင်း ကတည်းက ၃ ဂိုးပြတ် ရှုံးနိမ့်နေခဲ့ပါတယ်။ အဲဒီနောက် ပရိသတ်တွေက အခုဘောလုံးရာသီ အစောပိုင်းမှာ ရုတ်တရက် ထုတ်ပယ် ခံခဲ့ရတဲ့ ဂျာမန်သာ မန်နေဂျာ တူဟဲလ်ရဲ့ နာမည်ကို အော်ဟစ်ပြီး ဆန္ဒပြကြတော့တာပဲ ဖြစ်ပါတယ်။

တူဟဲလ်ဟာ ချဲလ်ဆီးကို ဥရောပ ချန်ပီယံဆု ရယူပေးခဲ့ဖူးသူ ဖြစ်ပေမယ့် အခုဘောလုံးရာသီ အစောပိုင်းမှာ ပိုင်ရှင်အသစ် တော့ဒ်ဘိုလေးရဲ့ ရုတ်တရက် ထုတ်ပယ်ခြင်းကို ခံခဲ့ရပါတယ်။ ချဲလ်ဆီး ပရိသတ်တွေဟာ တူဟဲလ် လက်ထက်တုန်းက မန်နေဂျာရဲ့ နာမည်ကို ထည့်သွင်းစပ်ဆိုပြီး အားပေးလေ့ရှိတဲ့ သီချင်းတွေကိုလည်း သီဆိုနေခဲ့ကြပါတယ်။

ချဲလ်ဆီး မန်နေဂျာ ပေါ့တားကတော့ စီးတီးကို အရေးနိမ့်ခဲ့ရတာဟာ နာကျင်စရာ ကောင်းလွန်းတဲ့ အရှုံးတစ်ခု ဖြစ်တယ်လို့ ဖွင့်ဟပါတယ်။ သူက အသင်း ဘုတ်အဖွဲ့ရဲ့ ထောက်ခံမှုကို ဆက်လက် ရရှိထားတာကြောင့် လက်ရှိ ရာထူးအတွက် စိုးရိမ်စရာ မရှိဘူးလို့လည်း ပြောပါတယ်။

အခုဆိုရင် ချဲလ်ဆီးဟာ ပြိုင်ပွဲစုံ နောက်ဆုံး ၁၀ ပွဲမှာ ၂ ပွဲသာ အနိုင်ရတဲ့ထိ အခြေအနေ ဆိုးလာပါပြီ။ နွေရာသီ စျေးကွက် ကာလမှာ ကစားသမားသစ်တွေ ခေါ်ယူဖို့ စတာလင်ပေါင် သန်း ၂၅၀ လောက် သုံးစွဲထားတဲ့ အသင်းအတွက်တော့ လက်ရှိ အခြေအနေတွေက လက်ခံဖို့ အရမ်းခက်ခဲနေတာ ဖြစ်ပါတယ်။