ပုသိမ်ထောင်တွင်းအကြမ်းဖက်မှုမှာ ဒဏ်ရာရသူတွေအသက်အန္တာရာယ်စိုးရိမ်နေရ၊ အကျဥ်းသားတဦးရဲ့ ဇနီးကိုလည်းစစ်ကောင်စီကဖမ်းဆီးထား

ပြီးခဲ့တဲ့ ဇန်နဝါရီ ၆ရက်နေ့မှာဖြစ်ခဲ့တဲ့ ပုသိမ်ထောင်တွင်းက နိုင်ငံရေးအကျဉ်းသားတွေကို  ထောင်အာဏာပိုင်တွေကရိုက်နှက်တဲ့ဖြစ်စဉ်မှာ တဦးသေဆုံးပြီး ဒဏ်ရာရသူ ၉ဦးဟာ အသက်အန္တာရာယ်စိုးရိမ်နေရတယ်လို့  ပုသိမ်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကပြောပါတယ်။

ဒါ့အပြင် ဒဏ်ရာပြင်းထန်သူတွေထဲကနောက်ထပ်တဦးဖြစ်တဲ့ အသက် ၃၁ နှစ်အရွယ် ကိုဝင်းမင်းထက်(ခ)မဲကြီးဟာလည်း ထပ်မံသေဆုံးသွားတယ်ဆိုတဲ့သတင်းတွေထွက်ပေါ်နေပြီး ဒါကိုတော့အတည်မပြုနိုင်သေးဘူးလို့သိရပါတယ်။

” လက်ရှိဒဏ်ရာရရှိတဲ့သူတွေကိုတော့ မနေ့ကနေ့လယ်ပိုင်းကစလို့ ဆေးကုသခွင့် ရရှိပါပြီ။ တချို့စိုးရိမ်ရတဲ့အခြေအနေရှိတဲ့၇ ဦးကတော့  လက်ရှိပြင်ပဆေးရုံကြီးမှာ ဆေးကုသမူခံယူနေတယ်။ ကျန်တဲ့သူတွေကတော့အကျဥ်းထောင်ထဲမှာထားရှိပြီးတော့ ဆေးရုံကားနဲ့သယ်ယူပြီးတော့ လိုအပ်တဲ့ဆေးဝါးကုသမူတွေပေးပါတယ်။ ကိုဝင်းမင်းထက်(ခ)မဲကြီးကတော့ သေဆုံးတဲ့စာရင်းထဲမပါလာသေးဘူး။ အဲဒါကိုအတည်ပြုလို့မရသေးဘူး” လို့ ပုသိမ်ပကဖက တာဝန်ရှိသူက DNA ကိုပြောပါတယ်။

ဆေးရုံမှာကုသခံယူနေတဲ့ခုနစ်ဦးအပြင် နောက်ထပ်နှစ်ဦးပါ စုစုပေါင်းကိုဦး စိုးရိမ်ရတဲ့အခြေအနေရှိတယ်လို့လည်း နောက်သတင်းရင်းမြစ်တခုကဆိုပါတယ်။

ဒါ့အပြင် ထောင်တွင်းဆန္ဒပြမှုမှာပါဝင်တဲ့ အကျဉ်းသားတဦးဖြစ်တဲ့ ကိုဝင်းထွန်းနိုင် (ခေါ်) ခေါ်လေးရဲ့ ဇနီးဖြစ်သူကိုလည်း စစ်ကောင်စီတပ်တွေက မနေ့ဇန်နဝါရီ ၇ ရက်နေ့ညနေပိုင်းမှာ လာရောက်ဖမ်းဆီးသွားပြီး ဒီကနေ့အထိပြန်လွှတ်ပေးတာမရှိသေးဘူးလို့သိရပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၆ရက်မှာ ပုသိမ်အကျဉ်းထောင်တွင်းမှာ လက်ကိုင်ဖုန်းရှိတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ nနိုင်ငံရေးအကျဥ်းသားလေးဦးကို ထောင်အာဏာပိုင်တွေက ခေါ်ယူရိုက်နက်ရာမှာ ထောင်တွင်းဆန္ဒပြမူဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

 ထောင်တွင်းဆန္ဒပြမူကို ထောင်အာဏာပိုင်တွေနဲ့ စစ်ကောင်စီက အကြမ်းဖက်နိုမ်နင်းခဲ့တာမှာ ပြည်သူတဦးသေဆုံးပြီး အယောက် ၇၀ ထက်မနည်း ဒဏ်ရာရကာ တဦးလည်းပျောက်ဆုံးနေတယ်လို့ ထောင်တွင်းသတင်းရင်းမြစ်တွေဆီကသိရပါတယ်။

အဲဒီနေ့ကစစ်ကောင်စီနဲ့ ရဲတပ်ဖွဲ့ဝင်တွေရဲ့ အကြမ်းဖက်ရိုက်နှက်မှုကြောင့် နိုင်ငံရေးအကျဉ်းသားတဦးဖြစ်တဲ့ အသက် ၃၃နှစ်အရွယ် ကိုဝေယံဖြိုး ကတော့ သေဆုံးသွားခဲ့ပါတယ်။

ဒါနဲပတ်သက်ပြီး စစ်ကောင်စီကတော့ ထောင်တွင်းမှာ အကျဉ်းသားတွေဆူပူရင်း အချင်းချင်းရိုက်နှက်ပြီး တဦးသေဆုံးတယ်ဆိုပြီး စွပ်စွဲထုတ်ပြန်ထားပါတယ်။

လက်ရှိမှာလည်း ဆန္ဒပြမူမှာပါဝင်ပြီးထောင်ထဲမှာကျန်ရစ်နေခဲ့တဲ့အကျဥ်းသားတဦးချင်းစီကို စစ်ကောင်စီဘက်က တဦးချင်ခေါ်ယူစစ်ဆေးနေတယ်လို့ထောင်တွင်းသတင်းရင်းမြစ်တွေဆီကသိရပါတယ်။

အကျဥ်းထောင်မှာဖြစ်ပေါ်တဲ့ ဆန္ဒပြမူတွေကို ကြိုးကန်းအောင်ရိုက်နက်ပြီး ဖြိုခွဲတာဟာ စစ်အာဏာရှင်တွေရဲ့ အငြင်သာဆုံးနည်းဖြစ်ပြီး သေနတ်နဲ့စီးနင်းပစ်ခတ်တဲ့ဖြစ်စဉ်တွေလည်းဖြစ်ခဲ့ဖူးတယ်လို့  မုံရွာထောင်မှာ ဖြစ်ပျက်ခဲ့တဲ့ အတွေ့အကြုံကိုပြန်လည်လွတ်လာသူတဦးကပြောပြပါတယ်။

“ထောင်တွင်းပြစ်ဒဏ်တွေရှိတယ်။တိုက်ပိတ်မလား၊ဒေါက်ခတ်မလား၊ဒါမမဟုတ်ရုံးတင်ပြီးထောင်တွင်းပြစ်ဒဏ်ပေးမလားဒါမျိုးလုပ်လို့ရတယ်။အဲ့တာကိုထောင်ဆူတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ဘာလို့ပစ်သတ်ရလဲပေါ့။ ဒါကလူ့အခွင့်အရေးချိုးဖောက်တာပဲဒါကိုကျနော်တို့ကပြင်းပြင်းထန်ထန်ကန့်ကွက်တယ်။ သူတို့အနေနဲ့ထောင်ဥပဒေအရလုပ်ပိုင်ခွင့်ရှိတယ်။ ၆၃ဦးတောင်ဒါဏ်ရာရတယ်ဆိုတော့ကြီးကြီးမားမားထောင်ဆူမှုကြီးလို့ပြောလို့ရတယ်။ သူတို့ဥပဒေအရလုပ်ပိုင်ခွင့်ရှိတာကိုဥပဒေအတိုင်းမလုပ်ဖူးဆိုတော့ဒါကသူတို့ဥပဒေကိုတောင်သူတို့မလိုက်နာဘူးဆိုတဲ့သဘောပဲလို့” ပြန်လည်လွတ်မြောက်လာသူ နိုင်ငံရေးအကျဥ်းသားတဦးကပြောပါတယ်။

ပုသိမ်ထောင်တွင်းဆန္ဒပြမူကို အကြမ်းဖက်နိုင်နင်းရာမှာ ဦးဆောင်ခဲ့သူတွေဟာ ညွန်းမှုဇော်စစ်အောင်၊ ထောင်ပိုင်နေမင်းထက်၊ရဲမှူး မြင့်အောင်၊ ရဲအုပ်ကျော်ဦး၊ တပ်ကြပ်ကြီး (အမည်စီစစ်ဆဲ) တို့ဖြစ်တယ်လို့ ပုသိမ် ပ.က.ဖ အဖွဲ့ရဲထုတ်ပြန်ချက်အရသိရပါတယ်။     

ပုသိမ်ထောင်မှာ စစ်ကောင်စီကအကျဥ်းချထားတဲ့ပြည်သူတဦးအသက်ဆုံးရှုံးပြီး ခုနစ်ဆယ်ခန့်ဒဏ်ရာရရှိခဲ့တဲ့ ပုသိမ်ထောင်တွင်းအကြမ်းဖက်မူကို နည်းလမ်းအမျိုးမျိုးနဲ့ တရားမျှတမူရအောင်ဖော်ဆောင်မယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ လူ့အခွင့်အရေးဝန်ကြီးဌာနကဒီကနေ့  ဇန်နဝါရီလ ၈ ရက်နေ့မှာထုတ်ပြန်ထားပါတယ်။