ကြာအင်းဆိပ်ကြီးမှာ စစ်တပ်လေကြောင်းကင်းထောက်နေတာကြောင့် ဒေသခံတွေစိုးရိမ်နေ

ကရင်အမျိုးသားအစည်းအရုံး၊ ကေအန်ယူ တပ်မဟာ ၆ နယ်မြေဖြစ်တဲ့ ကြာအင်းဆိပ်ကြီးမှာ တိုက်ပွဲနဲ့လက်နက်ကြီးသံတွေ ငြိမ်သွားပေမယ့် စစ်ကောင်စီတပ်တွေက မြို့ပေါ်မှာတပ်စွဲထားသလို လေကြောင်းပျံသန်းမှုတွေလည်း ရှိနေတဲ့အတွက် ဒေသခံတချို့ တိမ်းရှောင်နေသလို မြို့ပေါ်မှာလည်း လူသွားလာမရှိသလောက် ဖြစ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

“ မနက်ပိုင်းမှာလေယာဉ် ၃ စီးနဲ့လှည့်နေတယ်။ အခြေအနေက ဘယ်အချိန်ပြန်ဖြစ်မလဲ စိုးရိမ်နေရတယ်၊ မြို့ထဲမှာ မနက်တစ်ချက်ပဲ ဈေးထွက်ဝယ်တာကလွဲပြီး ကျန်တဲ့အချိန်က လူသွားလူလာရှင်းတယ်၊ ဒီနေ့ လက်နက်ကြီးသံတော့ မကြားမိဘူး၊ လေယာဉ်ကတော့ပတ်ပြီး ပြန်သွားတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

စစ်ကောင်စီတပ်တွေဟာ ပြီးခဲ့တဲ့ရက်ပိုင်းမှာလည်း ကြာအင်းဆိပ်ကြီးမြို့ ဆေးရုံကို ဝင်ရောက်စီးနင်းခဲ့ပြီး တပ်စွဲခဲ့တာကြောင့် ဆေးရုံပေါ်ကနေ လူနာတွေပါ အားလုံးထွက်ပြေးခဲ့ကြရတယ်လို့လည်း သိရပါတယ်။

“ အဲ့ဒီညက စစ်တပ်ကဝင်လာပြီး ဟိုသတင်းရတယ် ဒီသတင်းရတယ်ဆိုပြီး ဆေးရုံဝင်းထဲမှာ စခန်းချမယ်၊ တစ်ခုခုဆိုရင် ပစ်မယ်ခတ်မယ်ဆိုရင် လူနာတွေဘယ်နေရဲတော့မှာလဲ တစ်ယောက်စနှစ်ယောက်စပြေးကြတော့ လိုက်ပြေးတာပေါ့။ လမ်းမလျှောက်နိုင်တဲ့ လူနာလောက်ဘဲ ကျန်ပါတယ်” လို့ ဆေးရုံနဲ့နီးစပ်သူတစ်ဦးက ပြောပါတယ်။

လက်ရှိမှာလည်း စစ်ကောင်စီတပ်တွေဟာ ကြာအင်းဆိပ်ကြီးမြို့ပေါ်မှာရှိတဲ့ ထွေအုပ်ရုံး၊ စုပေါင်းရုံးနဲ့ရဲစခန်းတွေမှာ ဆက်လက်တပ်စွဲထားတယ်လို့ သိရပါတယ်။

ဒီအခြေအနေတွေကြောင့် ကြာအင်းဆိပ်ကြီးမြို့ပေါ်က ဒေသခံတွေဟာ နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေသူတွေရှိသလို မြို့ပေါ်ကိုလည်း မထွက်ရဲကြဘူးလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းမှာ ကော်သူလေးပြည်သူ့ကာကွယ်ရေး မဟာမိတ်ပူးပေါင်းတပ်များနဲ့ ကြာအင်းဆိပ်ကြီးအခြေစိုက် စစ်ကောင်စီတပ်တွေအကြား ၆ ရက်ကြာ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ပါတယ်။

တိုက်ပွဲမှာ စစ်ကောင်စီဘက်က တပ်ရင်းမှူးတဦး အပါအဝင် ၉၀ သေဆုံးခဲ့သလို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၁ ဦးလဲ ကျဆုံးခဲ့တယ်လို့ မြေပြင်စစ်ရေးသတင်း ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

ဒါ့အပြင် တိုက်ပွဲအခြေအနေတွေကြောင့် ကြာအင်းဆိပ်ကြီးမြို့နယ်ထဲမှာရှိတဲ့ ဘာသာရေးအဆောက်အအုံတွေ၊ လူနေအိမ်ခြေတွေ လက်နက်ကြီး ထိမှန်မှုကြောင့် ပျက်ဆီးဆုံးရှုံးရတာတွေရှိသလို ဒေသခံ ၄၀၀၀ ကျော်ဟာလည်း အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။