ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့နယ် အင်လေးဒေသမှာ စစ်ကောင်စီနဲ့ ဒေသခံ ကာကွယ်ရေးအဖွဲ့တွေကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ခရီးသွားနေရာတချို့ကို ပိတ်ထားရတယ်လို့ ခရီးသွားလုပ်ငန်း ဆောင်ရွက်နေသူတွေက ပြောပါတယ်။
လတ်တလောမှာ အင်လေးကန်အနောက်ပိုင်းက ခရီးစဉ်တွေကိုလည်း ရပ်နားထားတယ်လို့ အင်းလေးကန်အတွင်းက စက်လှေဝန်ဆောင်မှုပေးသူတွေကလည်း ဆိုပါတယ်။
” ရွှေအင်းတိန်ဘုရားဖက်ကိုတော့ လိုက်ပို့ပေးတာတွေ နားထားပါတယ်။ ရေလမ်းရော ကားလမ်းရောသွားမရဘူးဗျ။ ခရီးသယ်တွေကတော့ သူတို့သွားချင်တဲ့နေရာလေးတွေမေးပြီး သွားလို့လာလို့ရလားမေးတာရှိပါတယ်။ အဲဒီဖက်လမ်းကြော မကောင်းသေးလို့ သွားမရဘူးဆိုတာ ပြန်ပြောပေးထားရတယ် ” လို့ သူကပြောပါတယ်။
အခု ဇန်နဝါရီလ ၃ ရက်နေ့ကစတင်ပြီး အင်းလေးကန် အနောက်ဖက် ဘုရားနီရွာ၊ သပြေပင်ရွာ၊ အင်းလေးခေါင်တိုင်ဖက်တွေမှာ တိုက်ပွဲတွေဖြစ်ပေါ်နေတဲ့အတွက် စစ်ကောင်စီက အဲဒီဖက်ကိုသွားတဲ့ လမ်းကြောင်းတွေကို ပိတ်ဆို့ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
” ဒေသခံတွေတောင် အဲဒီဖက်သွားရတာ အဆင်မပြေတော့ ခရီးသွားတွေကိုလည်း အခုလောလောဆယ် မပို့ပေးသေးပါဘူး ” လို့ ခရီးသယ်ပို့ဆောင်ရေး လုပ်ကိုင်သူတဦးက ဆိုပါတယ်။
အင်းလေးဒေသမှာ ပြီးခဲ့တဲ့လပိုင်းလောက်ကတည်းက စတင်ပြီး ပြည်တွင်းခရီးသွားတွေ ပြန်လည်ဝင်ရောက်လာပေမယ့် လတ်တလော တိုက်ပွဲခြေနေတွေကြောင့် ခရီးတချို့ဖျက်သိမ်းတာတွေ ရှိနေတယ်လို့ ခရီးသွားလုပ်ငန်း ဆောင်ရွက်နေသူတွေက ပြောပါတယ်။
” အင်းထဲသွားမယ်ဆိုရင် ရွှေညောင်ဖက်ကနေတော့လာလို့ ရနေပါသေးတယ်။ ပုံမှန်သွားနေကျနေရာတွေကတော့ သွားရပါတယ်။ ဒါပေမယ့် ခရီးသယ်တွေက သူတို့သွားမယ် လမ်းကြောင်းတွေကို အရင်မေးတယ် အဆင်မပြေဘူးဆိုရင် ခရီးစဉ်ဖျက်တာများတယ် ” လို့ သူကပြောပါတယ်။
တဖက်မှာလည်း ရှမ်းပြည်နယ်တောင်ပိုင်းမှာ စစ်ရေးလှုပ်ရှားမှုတွေ အရှိန်မြင့်လာနိုင်တဲ့အတွက် ကလော၊ ညောင်ရွှေ၊ ဟဲဟိုးမြို့နယ်တွေက ပြည်သူတွေအနေနဲ့ လမ်းအသုံးပြုမှုတွေသတိထားဖို့နဲ့ စကောင်စီတပ်နဲ့ ယာဉ်တန်းတွေနဲ့ ခပ်ဝေးဝေးမှာ နေကြဖို့ ရှမ်းတောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။
အင်လေးဒေသမှာဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေမှာ စစ်အုပ်စုက PDF မှာက ကျဆုံးတွေရှိနေတယ်လို့ သတင်းဖြန့်နေသလို့ အမှန်တကယ်မြေပြင်မှာ နှစ်ဖက်ထိခိုက်မှုတွေရှိနေတာလို့ ဒေသခံတွေကပြောပါတယ်။