သုံးခွရဲစခန်း တိုက်ခိုက်ခံရပြီး ရဲသုံးဦးသေဆုံးကာ ဒေသခံတချို့ဖမ်းဆီးခံရ

ဒီကနေ့ ဇန်နဝါရီ ၈ ရက်မနက်ပိုင်းမှာ သုံးခွမြို့ပေါ်က ကတုံးပေါ်ရဲစခန်းကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်မှုလုပ်ခဲ့ပြီး အပြန်အလှန်ပစ်ခတ်မှုဖြစ်ကာ ရဲတပ်သား ၃ ဦး သေဆုံးတယ်လို့ ကာကွယ်ရေးအဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။

တိုက်ခိုက်မှုအပြီးမှာတော့ စစ်ကောင်စီတပ်တွေဟာ ဒေသခံတွေကို တွေ့သမျှဖမ်းဆီးနေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

“အခုလက်ရှိအနေအထားကတော့ မသင်္ကာတဲ့သူမှန်သမျှ ဖမ်းတာလုပ်နေပါတယ်။ ကတုံးပေါ်ရွာပတ်လည်မှာ တွေ့သမျှကို စစ်တပ်ကဖမ်းနေတာ ဖမ်းခံထားရတာတွေများနေပြီ အတည်မပြုနိုင်သေးဘူး မြေပြင်အခြေအနေက အတော်ယောက်ယက်ခတ်နေတာ” လို့ သုံးခွဒေသခံတဦးက ပြောပါတယ်။

ကတုံးပေါ် ရဲစခန်းကို ရန်ကုန် (ပကဖ) တောင်ပိုင်းခရိုင်ဇုံ (၂) Fire Dragon တပ်ခွဲက နန်းထိုက်အောင်စစ်ဆင်ရေးအနေနဲ့ တိုက်ခိုက်ခဲ့ပြီးနောက် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ရဲတပ်သား ၃ ဦးသေဆုံးကာ လက်နက်တွေ သိမ်းဆည်းရမိတဲ့အပြင် စခန်းကိုလည်း မီးရှို့နိုင်ခဲ့တယ်လို့ အဖွဲ့ကဒီကနေ့ မနက်ပိုင်းမှာပဲ ထုတ်ပြန်ထားပါတယ်။

လက်ရှိမှာတော့ သေဆုံးသွားတဲ့ ရဲတပ်ဖွဲ့တွေရဲ့ ရာထူးနဲ့နာမည်တွေကို မသိရသေးသလို စခန်းကို တိုက်ခိုက်ခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကတော့ လုံခြုံစွာနဲ့ ဆုတ်ခွာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

သုံးခွမြို့နယ်ထဲက ကတုံးပေါ်နယ်မြေရဲစခန်းကို ပြီးခဲ့သည့်နှစ် ၂၀၂၂ စက်တင်ဘာလထဲမှာလည်း ခရမ်း PDF က ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ရဲစခန်းအဆောက်အဦနဲ့ စစ်ကောင်စီရဲတပ်ဖွဲ့ဝင်အချို့ ထိခိုက်မှုရှိခဲ့တယ်လို့လည်း ဆက်သိရပါတယ်။