ရှမ်းပြည်နယ်တောင်ပိုင်းမှာ စစ်ရေဆက်ပြီး တင်းမာနိုင်လို့ လမ်းအသုံးပြုမှုတချို့သတိပေးထား

ရှမ်းပြည်နယ်၊ တောင်ပိုင်းက အင်းလေးဒေသအနောက်ခြမ်းမှာ စစ်ကောင်စီနဲ့ ပြည်သူ့ကာကွယ်ရေးပူးးပေါင်းတပ်တွေကြား ပြီးခဲ့တဲ့ ရက်ပိုင်းမှာ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်ခဲ့သလို လက်ရှိမှာလည်း စစ်ရေးတင်းမာနေတယ်လို့ ဒေသခံကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။

စစ်ရေးလှုပ်ရှားမှုတွေလည်း အရှိန်မြင့်လာနိုင်တဲ့အတွက် ကလော၊ ညောင်ရွှေ၊ ဟဲဟိုးမြို့နယ်တွေက ပြည်သူတွေအနေနဲ့ လမ်းအသုံးပြုမှုတွေ သတိထားဖို့နဲ့ စစ်ကောင်စီတပ်နဲ့ ယာဉ်တန်းတွေနဲ့ ခပ်ဝေးဝေးမှာနေကြဖို့ ရှမ်းတောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ထုတ်ပြန်ထားပါတယ်။

“ကျနော်တို့ သတိပေးထုတ်ပြန်တဲ့ လမ်းမကြီးတွေကနေ စစ်ကောင်စီက အသုံးပြုလာတာ ရှိနေတော့ အဲဒီလမ်းတွေကို အသုံးပြုတဲ့ ပြည်သူတွေအနေနဲ့ သတိထားနိုင်ဖို့နဲ့ စကစက ပြည်သူလို ဟန်ဆောင်၊ လှုပ်ရှားနေတော့ ကျနော်တို့ တိုက်တဲ့အချိန်မှာ ပြည်သူတွေကို ထိခိုက်မှာ စိုးရိမ်းလို့ပါ” လို့ Red Ants Guerilla Force က စစ်ရေးတာဝန်ခံက DNA ကိုပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်တွေဟာ အင်းလေးကန်ပတ်လမ်းနဲ့ ခေါင်တိုင်ရွာဘက်ကို လမ်းအသုံးပြုခွင့် ပိတ်ဆို့ထားတာ ၅ ရက်လောက်ရှိနေတဲ့အတွက် ဒေသခံတွေလည်း အခက်အခဲဖြစ်နေကြတယ်လို့ ဆိုပါတယ်။

”လမ်းပိတ်တာ ၃ ရက်နေ့ကတည်းက စပိတ်ထားတာ ခေါင်တိုင်ရွာဖက်က အဓိကစီးပွားရေးက အိမ်တွင်းမှု စားသောက်ကုန်လုပ်ငန်းနဲ့ ဈေးသည်တွေ ဈေးပတ်လိုက်ကြတဲ့သူတွေချည်းပဲ အင်းလေးကန်ပတ်လမ်းတွေ ပိတ်ထားတော့ ဈေးသည်တွေ သွားလာမရဖြစ်နေတာ”‘ လို့ ဒေသခံတဦးက DNA ကိုပြောပါတယ်။

တဖက်မှာလည်း စစ်ကောင်စီတပ်တွေဟာ မြို့ပေါ်မှာ ကင်းပုန်းတွေချထားသလို လုံခြုံရေးဂိတ်တွေလည်းတိုးမြှင့်ထားပြီး ဒေသခံတွေကိုလည်း ဖမ်းဆီးမှုတွေရှိနေပါတယ်။

”စစ်ကောင်စီက မထင်ရင် မထင်သလို ဒေသခံတွေကို ဖမ်းဆီးနေတာတွေ ရှိတယ်ဗျ။ ၆ ရက်နေ့က ရှမ်းတောင်မှာ အင်းလေးက ရွာတစ်ရွာမှာ လူငယ် ၅ ဦးကို ဖမ်းဆီးသွားတာ ရှိပါတယ်။ ၄ ဦးကတော့ ပြန်လွတ်လာပေးမဲ့ တစ်ဦးကတော့ ပြန်မလွှတ်ပေးသေးဘူးခင်ဗျ။ ဖမ်းဆီးခံရတဲ့ စာရင်းတွေ ဒေတာတွေကတော့ လုပ်နေတုန်းပါ” လို့ ဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီဘက်ကတော့ ရှမ်းပြည်နယ်တောင်ပိုင်း ပြည်သူ့ကာကွယ်ရေးတပ်တွေကြား နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီးနောက်ပိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ဖမ်းမိတယ်ဆိုပြီး စစ်ကောင်စီက ဒီကနေ့ ဇန်နဝါရီ ၈ ရက်မှာ သတင်းထုတ်ပြန်လာပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၃ ရက်နေ့ကနေစပြီး တိုက်ပွဲပြင်းထန်ခဲ့တဲ့ အင်းလေးဒေသ အနောက်ခြမ်းမှာတော့
စစ်ကောင်စီဘက်က အယောက် ၄၀ ထက်မနည်း သေဆုံးသလို ပြည့်သူ့ကာကွယ်ရေးတပ်တွေဘက်ကလည်း ကျဆုံးသူတွေနဲ့ ဖမ်းဆီးခံရသူတွေလည်းရှိတယ်လို့ ဒေသတွင်းသတင်းတွေကလည်း ထုတ်ပြန်ထားပါတယ်။