အညာဆောင်းရဲ့ ရာသီဥတုဒဏ်ကြား ညတွင်းချင်းစစ်ရှောင်ရတဲ့ ဒေသခံများ

စစ်ကောင်စီတပ်တွေရဲ့ စစ်ကြောင်းထိုးဝင်ရောက်မှုတွေကြောင့် ပြီးခဲ့တဲ့ ဇန်နဝါရီ ၅ ရက်ကစလို့ ဒီကနေ့ အထိ စစ်ကိုင်းတိုင်းထဲက ရေဦး၊ ခင်ဦး၊ ဆားလင်းကြီးမြို့နယ်တွေက ကျေးရွာဒေသခံတွေက ညတွင်းချင်းဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

နိုင်ငံတဝန်းအအေးပိုလာတဲ့ အချိန် အညာဆောင်းရဲ့ ရာသီဥတုဒဏ်ကြား သက်ကြီးရွယ်အိုနဲ့ ကလေးငယ်တွေနဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေပါ ပါဝင်တဲ့ ထောင်နဲ့ချီတဲ့ ဒေသခံတွေဟာ အခက်အခဲတွေမျိုးစံနဲ့ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အဲဒီဒေသတွေမှာ စစ်ဘေးရှောင်စခန်းရယ်လို့ သတ်မှတ်ချက်မထားနိုင်တာကြောင့် အမိုးအကာမဲ့ စစ်ရှောင်ရတဲ့အခြေအနေမှာ ရာသီဥတုဒဏ်ကြောင့် သေဆုံးရတဲ့ သက်ကြီးရွယ်အိုတွေပါရှိလာတယ်လို့လည်း စစ်ရှောင်အရေး အကူအညီပေးနေသူတွေက ပြောပြကြပါတယ်။

စစ်အာဏာသိမ်းပြီးကတည် စစ်ကောင်စီကို အပြင်းထန်ဆုံး ပြန်လည်ခုခံနေတဲ့ စစ်ကိုင်းတိုင်းကိုတော့ စစ်ကောင်စီဟာ နေ့စဉ်လိုလို စစ်ကြောင်းထိုးနေသလို ဒေသခံတွေကိုလည်း ပစ်ခတ်သတ်ဖြတ်မှုတွေကို အာဏာသိမ်းကာလတလျောက် ဆက်တိုက်လုပ်ခဲ့ပါတယ်။

ဒီကနေ့အချိန်ထိ စစ်ကိုင်းတိုင်းထဲမှာ အိမ်အလုံးပေါင်း သုံးသောင်းတစ်ထောင်ကျော် မီးရှို့ခံခဲ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်း ထုတ်ပြန်ထားပါတယ်။