ရှမ်းတောင် PDF ဆယ်ဦးထက်မနည်း ဖမ်းဆီးရမိတယ်ဆိုပြီး စစ်ကောင်စီထုတ်ပြန်လာ

ရှမ်းပြည်နယ်၊ တောင်ပိုင်းက အင်းလေးဒေသအနောက်ခြမ်းမှာရှိတဲ့ သန်းထောင်ရွာနဲ့ ဘုရားနီးရွာအနီးမှာ စစ်ကောင်စီနဲ့ ရှမ်းပြည်နယ် တောင်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်တွေကြား နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီးနောက်ပိုင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ ဖမ်းမိတယ်ဆိုပြီး စစ်ကောင်စီက ဒီကနေ့ ဇန်နဝါရီ ၈ ရက်မှာ သတင်းထုတ်ပြန်လာပါတယ်။

ဇန်နဝါရီ ၃ ရက်နေ့ကနေစပြီး တိုက်ပွဲပြင်းထန်ခဲ့ရာမှာ စစ်ကောင်စီဘက်က အယောက် ၄၀ ထက်မနည်း သေဆုံးသလို ပြည့်သူ့ကာကွယ်ရေးတပ်တွေဘက်ကလည်း ကျဆုံးသူတွေနဲ့ ဖမ်းဆီးခံရသူတွေလည်းရှိတယ်လို့ ဒေသတွင်းသတင်းတွေကလည်း ထုတ်ပြန်ထားပါတယ်။

တိုက်ပွဲမှာ အင်းလေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၃ ဦးကျဆုံးပြီး ဖမ်းဆီးခံရသူတွေလည်း ရှိတယ်ဆိုတဲ့ ပြောဆိုချက်တွေရှိနေတာကြောင့် ကာကွယ်ရေးတပ်တွေဆီ DNA က ဆက်သွယ်မေးမြန်းရာမှာတော့ သတင်းထုတ်ပြန်မယ်လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

ဒီကနေ့ ဇန်နဝါရီ ၈ ရက်နေ့မနက်ပိုင်းအထိတော့ ရှမ်းပြည်နယ်တောင်ပိုင်းက ပြည်သူ့ကာကွယ်ရေးတပ်တွေက သတင်းထုတ်ပြန်လာတာ မရှိသေးပါဘူး။

လက်ရှိစစ်ကောင်စီက ရှမ်းတောင် PDF တွေဖမ်းမိတယ်ဆိုပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ထားတာကိုလည်း DNA က ဆက်လက်အတည်ပြု မေးမြန်းနေပါတယ်။

ဒီကနေ့စစ်ကောင်စီဘက်က ထုတ်ပြန်လာတဲ့ ဓါတ်ပုံတွေမှာတော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင် ၁၂ ဦး ဖမ်းဆီးခံရတာကို ထုတ်ပြန်ထားပြီး ၄ ဦးကတော့ ပစ်ခတ်ခံရပြီး သေဆုံးနေတာကို တွေ့ရပါတယ်။

လက်ရှိမှာလည်း နှစ်ဖက်တိုက်ပွဲပြင်းထန်ခဲ့တဲ့ ရှမ်းပြည်နယ်တောင်ပိုင်းက မြို့နယ်တချို့မှာ စစ်ကောင်စီတပ်တွေက ကင်းပုန်းတွေချထားသလို စစ်ဆေးရေးဂိတ်တွေ ပိုလုပ်ထားပြီး လမ်းတချို့ကိုတော့ ပြည်သူတွေ သွားလာခွင့်မရအောင် ပိတ်ဆို့ထားတယ်လို့ ဒေသတွင်း သတင်းဖော်ပြချက်တွေအရသိရပါတယ်။

ဒါ့အပြင် တိုက်ပွဲကြောင့် ရှမ်းပြည်နယ်အတွင်းခရီးသွားလာတဲ့ ခရီးစဉ်တချို့ ဖျက်သိမ်းသွားကြောင်းလည်း ခရီးသွားလုပ်ငန်း လုပ်ကိုင်သူတွေက ပြောဆိုကြပါတယ်။