ဘီလားရုစ်ကို ရုရှားတပ်တွေ အလုံးအရင်း ပို့ဆောင်နေတာကြောင့် ယူကရိန်း အနေနဲ့ မြောက်ပိုင်း နယ်မြေတွေ လုံခြုံရေးအတွက် စိုးရိမ်နေရကြောင်း သိရပါတယ်။
ဘီလားရုစ်ဟာ ရုရှားရဲ့ အမာခံ မဟာမိတ် နိုင်ငံတစ်ခုဖြစ်ပြီး ယူကရိန်း မြောက်ပိုင်းနဲ့ နယ်စပ်ချင်း ကပ်လျက် တည်ရှိနေပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်း ရုရှားစစ်သည် အများအပြားဟာ ဘီလားရုစ်ကို ရထားနဲ့ ရောက်လာခဲ့သလို လက်နက်ခဲယမ်းတွေလည်း တင်ပို့နေတယ်လို့ ယူကရိန်း ထောက်လှမ်းရေးတွေက ဆိုပါတယ်။
ဘီလားရုစ် ကာကွယ်ရေး ဝန်ကြီးဌာနက ဇန်နဝါရီ ၆ ရက်မှာ ရုရှားတပ်သားတွေ ရောက်ရှိလာမှုကို အတည်ပြုခဲ့ပြီး သမ္မတ အလက်ဇန္ဒား လူကာရှန်ကိုကလည်း ပြည်တွင်းမှာ ရုရှားစစ်သားတွေ အခြေချနှင့်ပြီးသားဖြစ်တဲ့ တပ်စခန်း တစ်ခုကို သွားရောက် လည်ပတ်ခဲ့တယ်လို့ ကြေညာပါတယ်။
ရုရှားတပ်တွေဟာ သူတို့ ရည်မှန်းထားတဲ့ ဆောင်ရွက်မှုတွေကို စတင်ဖို့ အသင့်ဖြစ်နေပြီလို့ ဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပေမယ့် ဘယ်လို ရည်မှန်းချက်လဲ ဆိုတာကိုတော့ အသေးစိတ် ရေးသားမထားပါဘူး။
ရုရှားရဲ့ စစ်တပ်တွေနဲ့ ခဲယမ်းမီးကျောက်တွေ လာရောက် ဖြန့်ကျက်တာနဲ့ ပတ်သက်လို့တော့ ဘီလားရုစ်က နှစ်နိုင်ငံ စစ်ရေးပူးပေါင်း ဆောင်ရွက်မှုတွေ မြှင့်တင်နေတာသာ ဖြစ်တယ်လို့ အကြောင်းပြပါတယ်။
ပြီးတော့ နှစ်နိုင်ငံ တပ်တွေဟာ လေတပ်ချင်း ပူးပေါင်း စစ်ရေးလေ့ကျင့်ဖို့လည်း ပြင်ဆင်နေတယ်လို့ ဝန်ကြီးဌာနက ဆိုပါတယ်။
ဒါပေမဲ့ ရုရှားဟာ ဘီလားရုစ်မှာ စစ်သည်အင်အား ထောင်နဲ့ချီ ဖြန့်ကျက်နေတာကြောင့် စစ်ရေးလေ့ကျင့်ဖို့ သက်သက်ထက် ကျူးကျော် စစ်ဆင်ရေးတစ်ခု အစပြုဖို့ ပိုဖြစ်နိုင်တယ်လို့ ယူကရိန်းက သံသယ ရှိနေပါတယ်။
လက်ရှိ အခြေအနေမှာလည်း ရုရှားဟာ ဒရုန်းတွေ၊ ဒုံးကျည်တွေနဲ့ ယူကရိန်းကို တိုက်ခိုက်ဖို့အတွက် ဘီလားရုစ် လေပိုင်နက်ကို အသုံးပြုနေဆဲပါ။
ဘီလားရုစ် သမ္မတ လူကာရှန်ကိုဟာ ရုရှားရဲ့ လေသံအတိုင်း လိုက်ပြီး အခုစစ်ပွဲ ပေါ်ပေါက်လာရတာဟာ အနောက်နိုင်ငံတွေရဲ့ သွေးထိုး လှုံ့ဆော်မှုကြောင့်လို့ စွပ်စွဲ ပြစ်တင်ထားပါတယ်။ အသက် ၆၇ နှစ်အရွယ် လူကာရှန်ကိုဟာ ရုရှားသမ္မတ ဗလာဒီမာ ပူတင်ရဲ့ ရုပ်သေးရုပ်လို့လည်း ကျယ်ကျယ်ပြန့်ပြန့် သတ်မှတ် ယူဆ ခံထားရပါတယ်။