လေယာဉ်စီး ခရီးသည်ပေါ် အပေါ့သွားခဲ့တဲ့ ဘဏ်လုပ်ငန်း အမှုဆောင်တစ်ဦး အလုပ်ထုတ်ခံရ 

အမေရိကန် ဘဏ်လုပ်ငန်းစုကြီး Wells Fargoဟာ လေယာဉ်စီး ခရီးသည် တစ်ဦးပေါ်ကို တမင်တကာ အပေါ့သွားခဲ့တဲ့ အိန္ဒိယ လုပ်ငန်းခွဲ အမှုဆောင် တစ်ဦးကို ထုတ်ပယ်လိုက်ကြောင်း ကြေညာပါတယ်။ 

ရှန်ကာ မီရှရာဟာ အိန္ဒိယ လေကြောင်းလိုင်းရဲ့ ခရီးစဉ် တစ်ခုကို လိုက်ပါ စီးနင်းနေတဲ့အချိန် အသက် ၇၂ နှစ်အရွယ် အမျိုးသမီးကြီး တစ်ဦးကို အခုလိုမျိုး မဖွယ်မရာ ပြုမူခဲ့တာ ဖြစ်ပါတယ်။ နိုဝင်ဘာလတုန်းက ဖြစ်ခဲ့တဲ့ ကိစ္စကို အဲဒီ အမျိုးသမီးကြီးက လေကြောင်းလိုင်းဆီ စာရေးသား တိုင်ကြားခဲ့ပါတယ်။ 

Wells Fargoက သူတို့ရဲ့ အမှုထမ်းတွေဟာ ပရော်ဖက်ရှင်နယ် ပီသမှုနဲ့ အကျင့်သိက္ခာပိုင်းမှာ အမြင့်ဆုံး စံနှုန်းတွေ ရှိနေဖို့ လိုအပ်တယ်လို့ ထုတ်ပြန်ပါတယ်။ တိုင်ကြားတဲ့ ဖြစ်စဉ်ဟာ မှန်ကန်တယ်လို့ စစ်ဆေးတွေ့ရှိတဲ့နောက် အခုလို စက်ဆုပ်စရာ အမူအကျင့်မျိုး ကျူးလွန်သူကို ချက်ချင်း ထုတ်ပယ်ခဲ့တယ်လို့လည်း ဘဏ်လုပ်ငန်းစုကြီးက ပြောပါတယ်။ 

နိုဝင်ဘာ ၂၆ ရက်က ဖြစ်စဉ်မှာ မွမ်ဘိုင်းမြို့သား မီရှရာက အတော်လေး အရက်မူးနေတဲ့ အခြေအနေမျိုးနဲ့ နယူးယောက်ကနေ ဒေလီကို လေယာဉ်စီးခဲ့တာလို့ ဆိုပါတယ်။ ဒေလီ ရဲတပ်ဖွဲ့ကလည်း ဒီဖြစ်စဉ်ကို စုံစမ်းနေပေမယ့် မီရှရာက တိမ်းရှောင်နေကြောင်း၊ ဒါပေမဲ့ သူဟာ မိသားစုနဲ့တော့ ပုံမှန် အဆက်အသွယ် ရှိနေတယ်လို့ ယူဆရကြောင်း ပြောပါတယ်။ 

ဒါပေမဲ့ သူ့ရဲ့ ရှေ့နေကနေတဆင့် ကြေညာချက် ထုတ်ပြန်ရာမှာတော့ မီရှရာက သူဟာ စွပ်စွဲသူ အမျိုးသမီးနဲ့ ညှိနှိုင်း ကြေအေးမှု ရထားပြီး ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ကာနာတာကာ ဒေသခံ အမျိုးသမီးကြီးကို သူက နစ်နာကြေး ပေးချေခဲ့ပြီး ဖြစ်တယ်လို့ မီရှရာက ဆိုတယ်။ 

တစ်ဖက်မှာလည်း အမျိုးသမီးကြီးက ဒီဇင်ဘာ ၁၉ ရက်မှာ မီရှရာ ပေးပို့လာတဲ့ နစ်နာကြေးကို ပြန်ပေးခဲ့ပြီး နောက်တစ်ရက်မှာပဲ လေကြောင်းလိုင်းဆီ တိုင်ကြားခဲ့တယ်လို့ သိရပါတယ်။ အမျိုးသမီးကြီးက လေကြောင်းလိုင်းရဲ့ ​ဝန်ထမ်းတွေကိုပါ ဝေဖန်စွပ်စွဲထားပါတယ်။

 ဒီကိစ္စနဲ့ ပတ်သက်လို့ မီရှရာကို လေဆိပ်ရဲတွေဆီ တိုင်ကြားပြီး သူနဲ့ ဝေးဝေးမှာထားဖို့ တောင်းဆိုခဲ့ပေမယ့် လေယာဉ် အမှုထမ်းတွေက သူ့ဆန္ဒနဲ့ ဆန့်ကျင်ပြီး မီရှရာကို မျက်နှာချင်းဆိုင် ထိုင်ခုံမှာ နေရာလာချပေးခဲ့တယ်လို့ အမျိုးသမီးကြီးက ပြောပါတယ်။ အဲဒီတုန်းက မီရှရာဟာ ငိုကြွေးနေခဲ့ပြီး သူ့လုပ်ရပ်ကို မတိုင်ကြားဖို့လည်း ကမူးရှူးတိုး တောင်းပန်ခဲ့တယ်လို့ စွပ်စွဲသူက ဆိုပါတယ်။ 

လောလောဆယ်တော့ အိန္ဒိယ လေကြောင်းလိုင်းဟာ ခရီးသည်ရဲ့ တိုင်ကြားမှုအပေါ် အရေးတယူ မရှိခဲ့ဘူးဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ရင်ဆိုင်နေရပြီး အဲဒီ ဖြစ်စဉ်ကို သီးခြား စုံစမ်း စစ်ဆေးနေကြောင်း သိရပါတယ်။