ယူကရိန်းကို သံချပ်ကာ သယ်ယူပို့ဆောင်ရေးယာဉ် အစီး ၄၀ ပေးပို့ဖို့ ဂျာမနီ စီစဉ်

ဂျာမနီဟာ ယူကရိန်းအတွက် သံချပ်ကာ သယ်ယူပို့ဆောင်ရေးယာဉ် အစီး ၄၀ ပေးပို့သွားဖို့ စီစဉ်နေကြောင်း သိရပါတယ်။ 

ပြင်သစ်က ယူကရိန်းကို သံချပ်ကာ တိုက်ခိုက်ရေးယာဉ်တွေ ပေးပို့မယ့် သတင်းကို အတည်ပြု ကြေညာပြီး နောက်တစ်နေ့ ဇန်နဝါရီ ၆ ရက်မှာ ဂျာမနီ အစိုးရကလည်း အခုလို ထုတ်ပြန်လာတာ ဖြစ်ပါတယ်။ ဂျာမနီရဲ့ Marder အမျိုးအစား သံချပ်ကာ သယ်ယူပို့ဆောင်ရေး ယာဉ်တွေဟာ အခုနှစ် ပထမ ၃ လအတွင်း ယူကရိန်း လက်ထဲကို ရောက်ရှိလိမ့်မယ်လို့ ဂျာမနီက ပြောပါတယ်။ 

ဂျာမနီ အဓိပတိ အိုလက်ဖ်ရှော့ဇ်ဟာ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်နဲ့ ဖုန်းဆက် ဆွေးနွေးခဲ့တဲ့နောက် ယူကရိန်းအတွက် သံချပ်ကာယာဉ်တွေ ပေးပို့ဖို့ သဘောတူခဲ့တာ ဖြစ်ပါတယ်။ မူလကတော့ ဂျာမနီဟာ သူတို့ရဲ့ Marderတွေကို ယူကရိန်းဆီ လွှဲပေးဖို့ အစဉ်တစိုက် ငြင်းဆန်ခဲ့ပါတယ်။ 

အမေရိကန် အပါအဝင် အနောက်မဟာမိတ် နိုင်ငံတွေဟာ စစ်ပွဲကာလ တလျှောက်လုံးမှာ ယူကရိန်းကို သံချပ်ကာယာဉ်နဲ့ တင့်ကားတွေ ထောက်ပံ့ပေးဖို့ တွန့်ဆုတ်နေခဲ့ကြပါတယ်။ ဒါပေမဲ့ ပြင်သစ်က တင့်ကားဖျက် အမြောက် တပ်ဆင်ထားတဲ့ AMX-10 RC အမျိုးအစား သံချပ်ကာယာဉ်တွေ ယူကရိန်းဆီ ပေးပို့ဖို့ ဆုံးဖြတ်ပြီး အဲဒီ အစဉ်အလာကို ချိုးဖျက်ခဲ့ပါတယ်။ ဒါဟာ အနောက်နိုင်ငံထုတ် ဒီဇိုင်းနဲ့ နည်းပညာသုံး သံချပ်ကာယာဉ်တွေ ယူကရိန်းဆီ ပထမဆုံး ပေးပို့မယ့် သဘောတူညီမှု ဖြစ်လာပါတယ်။ 

အခုတော့ ဂျာမနီကလည်း ဥရောပ မဟာဗျူဟာ လက်တွဲဖော် ပြင်သစ်ရဲ့ ခြေလှမ်းကို လိုက်လာတော့မှာပါ။ Marder တစ်စီးဟာ အဖွဲ့သား ၆ ဦးထိ တင်ဆောင်နိုင်ပြီး ၂၀ မမ အော်တိုမက်တစ် စက်အမြောက်နဲ့ MG3 စက်သေနတ်တွေ တပ်ဆင်ထားပါတယ်။ 

ဂျာမနီဟာ ရုရှားရဲ့ ကျူးကျော်စစ်ကို တွန်းလှန်နေတဲ့ ယူကရိန်းအတွက် ဟောင်ဝစ်ဇာ အမြောက်တွေ၊ Gepard လေယာဉ်ပစ် စက်အမြောက်တွေနဲ့ IRIS-T မြေပြင်ကနေ ဝေဟင်ပစ် ဒုံးကျည်တွေလည်း ထောက်ပံ့ပေးထားပြီး ဖြစ်ပါတယ်။