ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ထောင်မှာ ဒီကနေ့ ဇန်နဝါရီ ၆ ရက် မနက်ပိုင်းကဖြစ်ခဲ့တဲ့ ထောင်တွင်း ဆန္ဒပြတဲ့ဖြစ်စဉ်ကို အကျဉ်းထောင်အာဏာပိုင်တွေက ရိုက်နှက်ဖြိုခွင်းရာမှာ အကျဉ်းသားတဦးသေဆုံးသွားတယ်လို့ အကျဉ်းထောင် အသိုင်းအဝိုင်း ကသိရပါတယ်။
ဒီကနေ့ မနက်ပိုင်းက ပုသိမ်အကျဉ်းထောင်မှာ နှစ်ရှည်ထောင်ကျနေတဲ့ နိုင်ငံရေးအကျဉ်းသား ၄ဦးကို ထောင်အာဏာပိုင်တွေက လက်ကိုင်ဖုန်းထောင်တွင်းယူတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ရိုက်နှက်ခဲ့တာကြောင့် ထောင်တွင်းက အကျဉ်းသားတွေက ဆန္ဒထုတ်ဖော်ခဲ့ကြတာဖြစ်ပါတယ်။
ဆန္ဒပြမှုဖြစ်စဉ်အပြီးမှာ ပုသိမ်ထောင်တွင်းက နိုင်ငံရေးအကျဉ်းသားတွေကို ရာဇဝတ် အကျဉ်းသားတွေ နဲ့ ဖွဲ့စည်းထားတဲ့ ထောင်စည်းကမ်းထိန်းသိမ်းရေးအဖွဲ့က ညှိနှိုင်းစကားပြောဖို့ ဆိုတဲ့အကြောင်းပြချက်နဲ့ ခေါ်ဆောင်သွားပြီးရိုက်နှက်ခဲ့တာဖြစ်တယ်လို့ ထောင်တွင်းသတင်းရင်းမြစ်ဆီကသိရပါတယ်။
“သေတာကချောင်းသာဘက်က နိုင်ကျဉ်းလို့ပြောတယ် ။နာမည်တော့မသိဘူး ။နောက်ပြီး နိုင်ကျဉ်း ၉ ဦး လည်းဒဏ်ရာ ပြင်းလွန်းလို့ စိုးရိမ်ရတယ် လို့ပြောတယ်။ တနေ့ခင်းလုံး တို့အရေး အော်ခိုင်းလိုက် နဲ့ နေလှန်းပြီး ရိုက်ကြတာ“ လို့ ပုသိမ်ရဲတပ်ဖွဲ့ နဲ့ နီးစပ်သူ တဦး က ဆိုပါတယ်။
ဒီနေ့ နံနက်ပိုင်းမှာလည်း ထောင်တွင်း ဆန္ဒပြမှုအပြီး စစ်ကောင်စီတပ်သားတွေဟာ ကား ၃စီးနဲ့အပြည့် ထောင်တွင်းကိုဝင်သွားတာသလို တချို့က ထောင်ဘူးဝအပေါ်ထပ်ကနေ ထောင်အပြင်ကို သေနတ်တွေနဲ့ချိန်ရွယ်ထားတယ်လို့ မျက်မြင်တွေ့ရှိတဲ့ ထောင်ဝင်စာပို့သူတွေက DNA ကိုပြောပါတယ်။
လက်ရှိမှာတော့ ထောင်တွင်းမှာ သေဆုံးသွားတယ်ဆိုတဲ့ နိုင်ငံရေးအကျဉ်းသားနဲ့ ပတ်သက်ပြီး DNA ကဆက်လက်အတည်ပြုဖို့ကြိုးစားနေပါတယ်။