ဆားလင်းကြီးမြို့နဲ့ လက်ပံတောင်းကြေးနီစီမံကိန်းကြားကျေးရွာတွေကို စစ်တပ်ကစစ်ကြောင်းထိုးမီးရှို့နေ

 စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နဲ့ အဲ့ဒီမြို့နယ်ထဲမှာရှိတဲ့ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနယ်မြေ အကြားက ကျေးရွာတွေကို စစ်တပ်က ဇန်နဝါရီ (၅)ရက် မနေ့ကစပြီး စစ်ကြောင်းထိုးနေသလို နေအိမ်မီးရှို့မှုတွေလည်း လုပ်နေလို့ ဒေသခံသောင်းချီထွက်ပြေး တိမ်းရှောင်နေရတယ်လို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီ က သိရပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ ဆားလင်းကြီးမြို့ပေါ်ကနေ ဇန်နဝါရီလေးရက်မှာ စတင်ထွက်ခွာလာပြီး ကျေးရွာတွေ ထဲကို မနေ့က စတင်ဝင်ရောက်ခဲ့ကာ ဒီကနေ့တရက်တည်း လက်ရှိအချိန်အထိ ရွာသုံးရွာကို မီးရှို့ဖျက်ဆီးခဲ့ ပြီးပြီလို့  ဆားလင်းကြီးမြို့နယ် သတင်းမှန်ပြန်ကြားရေး အဖွဲ့က ထုတ်ပြန်ထားပါတယ်။

 စစ်ကောင်စီ စစ်ကြောင်းက ဒီကနေ့ မနက်ပိုင်းနဲ့ ညနေပိုင်းတွေမှာ ဆားလင်းမြို့မြောက်ဘက်လေးမိုင်ဝန်းကျင် အကွာက ဘင်ကား၊ ဖောင်းကတာနဲ့ ကျောက်ဖြူတိုင်ရွာတွေက နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တာဖြစ်ပြီး ထိခိုက်ဆုံးရှုံးမှုအခြေအနေကိုတော့ မသိရသေးပါဘူး။

 အဲ့ဒီလို စစ်ကြောင်းထိုး မီးရှို့လာတာကြောင့် ဆားလင်းကြီးမြို့မြောက်ဘက် လက်ပံတောင်း ကြေးနီစီမံကိန်း အနီးဝန်းကျင်က ရွာသုံးဆယ်လောက်က ဒေသခံသောင်းချီ ထွက်ပြေးတိမ်းရှောင်နေရပြီး စားနပ်ရိက္ခာအပါအဝင် အရေးပေါ်အကူအညီတွေလိုအပ်နေတယ်လို့ စစ်ရှောင်တွေအရေး ကူညီပေးနေတဲ့ မုံရွာ တက္ကသိုလ် ကျောင်းသား သမဂ္ဂ အလုပ်အမှုဆောင် မချောစုဟန်က ပြောပါတယ်။

 တရုတ်ပိုင် မြန်မာ-ဝမ်ပေါင် ကုမ္ပဏီက လုပ်ပိုင်ခွင့်ရထားတဲ့ဆားလင်းကြီးမြို့နယ်အတွင်း လက်ပံတောင်း ကြေးနီ စီမံကိန်းဟာ အာဏာမသိမ်းမီကလည်း ဒေသခံတွေနဲ့ အာဏာပိုင်တွေကြား ပဋိပက္ခတွေဖြစ်စေခဲ့သလို လက်ရှိ အာဏာသိမ်းကာလအတွင်းမှာလည်း အဲ့ဒီစီမံကိန်းအနီးဝန်းကျင်ကျေးရွာတွေဟာ မကြာခဏ စစ်ကြောင်းထိုးခံရလေ့ရှိပါတယ်။

 ပြီးခဲ့တဲ့ ဒီဇင်ဘာလဆန်းပိုင်းကလည်း စစ်ကောင်စီက ဆားလင်းကြီးမြို့နယ်ထဲ စစ်ကြောင်းထိုးမီးရှို့ခဲ့လို့ တပတ်အတွင်း ကျေးရွာ ၇ရွာက နေအိမ် လေးရာ ဝန်းကျင် ပျက်စီးဆုံးရှုံးခဲ့ရပါသေးတယ်။