ပြည်ခိုင်ဖြိုးပါတီကပါတီလေးဆယ်နီးပါးနဲ့တွေ့ပြီး ရွေးကောက်ပွဲကိစ္စ၊မဟာမိတ်ကိစ္စတွေဆွေးနွေး

စစ်တပ်အရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားပြီး စစ်ကောင်စီကျောထောက်နောက်ခံ ရှိတဲ့ ပြည်ခိုင်ဖြိုးပါတီက နိုင်ငံရေးပါတီ (၃၇)ခုကို ခေါ်ယူတွေ့ဆုံပြီး ရွေးကောက်ပွဲကိစ္စ၊ မဟာမိတ်ဖွဲ့ရေး ကိစ္စရပ်တွေ အလွှတ်သဘော ဆွေးနွေးခဲ့တယ်လို့ အဲဒီတွေ့ဆုံပွဲကို တက်ရောက်ခဲ့သူတွေက ပြောပါတယ်။

နေပြည်တော်က ပြည်ခိုင်ဖြိုးပါတီရုံးချုပ်မှာ ဇန်နဝါရီ(၅)ရက် မနေ့က ငါးနာရီကျော်ကြာ တွေ့ဆုံခဲ့ကြတာဖြစ်ပြီး စစ်ကောင်စီက ကျင်းပတဲ့ လွတ်လပ်ရေးနေ့ အခမ်းအနား တက်လာတဲ့ ပါတီတွေနဲ့ အလွတ်သဘောတွေ့ဆုံတာ ဖြစ်တယ်လို့ ပြည်ခိုင်ဖြိုးပါတီက ထုတ်ပြန်ထားပါတယ်။

“ဒါတွေ(မဟာမိတ်ကိစ္စ)က ဟိုဟာပါပဲ၊ အလွှတ်သဘောပြောတာဖြစ်တဲ့အတွက် ဒါတွေကို တိတိကျကျဆွေးနွေး တာမရှိပါဘူး၊ ယေဘုယျလေးလောက်ပဲ နည်းနည်းပါးပါးလေး ပြောတာ၊ နောက်ဆုံးအနှစ်ချုပ်ရရင်တော့ ပါတီ အားလုံးပူးပေါင်းပြီးတော့ နိုင်ငံတော်ရဲ့ အန္တရာယ်ကို ပူးပေါင်းကာကွယ်စောင့်ရှောက်၊ ဆောင်ရွက်ကြဖို့ ဒီခေါင်းစဉ် အောက်ကပဲ သွားကြတာဖြစ်ပါတယ်”လို့ အဲ့ဒီတွေ့ဆုံပွဲတက်ခဲ့တဲ့အမျိုးသားညွတ်သောဒီမိုကရက်တစ်ပါတီ ဥက္ကဌ ဦးစိန်ဝင်းက ပြောပါတယ်။

အဲဒီတွေ့ဆုံပွဲမှာ ပြည်ခိုင်ဖြိုးပါတီဥက္ကဌသစ် ဦးခင်ရီက သူ့ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့သစ်နဲ့ တွေ့ဆုံပွဲ တက်လာတဲ့ နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်တွေကို မိတ်ဆက်ပေး ပြီး ရွေးကောက်ပွဲမှာ ညီညီညွှတ်ညွှတ်နဲ့ ဖြတ်သန်းကြဖို့ ပြောခဲ့တယ်လို့ ဆိုပါတယ်။

“၂၀၂၃ မှာ ရွေးကောက်ပွဲမှာ ညီညီညွှတ်နဲ့ ဖြတ်သန်းကြဖို့၊ ကော်မရှင်ရဲ့ ဥပေဒအရ ဆောင်ရွက်ကြဖို့၊ ကော်မရှင်ရဲ့ လမ်းညွှန်ချက်အတိုင်း ဆောင်ရွက်ကြဖို့ အဲဒီကိစ္စတွေ ပြောတာပါ”လို့ အဲဒီတွေ့ဆုံပွဲတက်ခဲ့တဲ့လူမျိုးစု နိုင်ငံရေး ပါ တီတခုက တာဝန်ရှိသူတဦးက ပြောပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်တွေ၊ ရွေးကောက်ပွဲစနစ်သစ် PR နဲ့ သက်ဆိုင်တဲ့ကိစ္စရပ်တွေ၊ ပါတီတွေအ ချင်းချင်း မဟာမိတ်ဖွဲ့ရေးဆိုင်ရာ ကိစ္စရပ်တွေကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ပြည်ခိုင်ဖြိုးပါတီအနေနဲ့ အခုလို တွေ့ဆုံပွဲတွေ ထပ်လုပ်ဖို့ရှိပြီး အဲဒီအခါကျရင်လည်း တက်ရောက် ပေးကြဖို့ နိုင်ငံ ရေးပါတီတွေကို မေတ္တာရပ်ခံခဲ့တယ်လို့ တက်ရောက်ခဲ့သူတွေက ပြောကြပါတယ်။

“ဒီလိုမျိုး အစည်းအဝေးလုပ်ဖြစ်တိုင်း၊ လုပ်ဖြစ်တိုင်း ကျွန်တော်တို့နဲ့ တူရာ၊ တူရာ issue လေးတွေကို ဆွေးနွေးကြ မယ့်သဘောတော့ သူတို့ရှိပါတယ်၊အဲအတွက်ကြောင့် နောက်အပိုင်းလေးလည်း ဖိတ်ရင်တက်ပေးဖို့ သူတို့မေတ္တာ ရပ်ခံထားပါတယ်”လို့ NLD ပါတီဝင် မအူပင်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် အမတ်ဟောင်းလည်းဖြစ်တဲ့ ဦးစိန်ဝင်း က ပြောပါတယ်။

ပြည်ခိုင်ဖြိုးပါတီနဲ့ တွေ့ဆုံပွဲတက်ခဲ့တဲ့ နိုင်ငံရေးပါတီအများစုဟာ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ကိုယ်စားလှယ် တ နေရာမှ အနိုင်မရတဲ့ပါတီအများစုပါဝင်ပြီး တချို့ပါတီတွေကတော့ အမတ်နေရာ တချို့ အနိုင်ရခဲ့ပါတယ်။

 စစ် ကောင်စီက အခုနှစ်အတွင်း လုပ်မယ်လို့ ပြောထားတဲ့ ရွေးကောက်ပွဲကို လက်ရှိတော်လှန်ရေး အင်အားစု တွေနဲ့ အာဏာသိမ်းမှု လက်မခံတဲ့ နိုင်ငံရေး အင်အားစုတွေက ကန့်ကွက်ထားပေမယ့် စစ်ကောင်စီရွေးကောက်ပွဲ အတွက် အခုလို ပြင်ဆင်နေတဲ့ ပါတီတွေလည်း ရှိနေတာပါ။

၂၀၂၀ ရွေးကောက်ပွဲမှာ အစိုးရဖွဲ့နိုင်တဲ့ ကိုယ်စားလှယ်ဦးရေ ကျော်လွန်တဲ့အထိ အနိုင်ရထားတဲ့ NLD ပါတီနဲ့ အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာတဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စား ပြုကော်မတီ (CRPH)၊ NUG၊ NUCC တို့အပြင် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး အင်အားစုတွေကလည်း စစ်ကောင်စီရွေး ကောက်ပွဲမှာ ပူး ပေါင်းပါဝင်သူတွေဟာ အဓမ္မဘက်က ရပ်တည်သူတွေလို့ ပြောဆိုထားတာတွေရှိပါတယ်။

အမျိုးသားညီညွှတ်ရေးအစိုးရ(NUG)ကတော့ ထွက်ပေါက်ပိတ်နေတဲ့ စစ်ကောင် စီဟာ အတုအယောင် ရွေး ကောက်ပွဲ ဖန်တီးပြီး ထွက်ပေါက်ရှာဖို့ ကြိုးစားနေတဲ့အတွက် အဲဒီရွေးကောက်ပွဲကို ဆန့်ကျင်ကြဖို့ တိုက်တွန်း ထားပါတယ်။

အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ(NUCC)အဖွဲ့ဝင်တဦးဖြစ်သလို လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဥက္ကဌလည်းဖြစ်တဲ့ ဦးအောင်မိုးဇော်က အထီးကျန်နေတဲ့ စစ်ခေါင်းဆောင်တွေက အာဏာရှင်မျိုးဆက် ဟောင်း တွေနဲ့ မဟာမိတ်ဖွဲ့ဖို့ကြိုးစားနေသလို ပြည်ခိုင်ဖြိုးပါတီဟာလည်း နိုင်ငံရေးမဟာမိတ်တွေရဖို့ အခုလိုတွေ့ဆုံမှု တွေ လုပ်တာဖြစ်နိုင်တယ်လို့ သူ့အမြင်ကိုပြောပါတယ်။

“စစ်အုပ်စုကအထီးကျန်နေတယ်၊အဖော်မဲ့နေတယ်၊ပြည်သူတရပ်လုံးကဆန့်ကျင်နေတယ်၊နိုင်ငံရေးအင်အားစုတရပ်လုံးကလဲပူးပေါင်းဆောင်ရွက်လိုတဲ့ဆန္ဒမရှိဘူး၊အဲ့အခြေအနေမှာသူတို့ကမဟာမိတ်ရှာတာပဲဖြစ်တယ်”လို့ သူက ပြောပါတယ်။

ရွေးကောက်ပွဲမဲသမာမှုတွေရှိလို့  ဆိုတဲ့ အကြောင်းပြချက်နဲ့ အာဏာသိမ်းဖို့ကြိုးစားခဲ့တဲ့ စစ်ခေါင်းဆောင်မင်း အောင်လှိုင်ကတော့ အခုနှစ်အတွင်း လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲကျင်းပပြီး အရပ်သားအစိုးရကို အာဏာ ပြန်လွှဲမှာဖြစ်တယ်လို့ ပြီးခဲ့တဲ့ လွတ်လပ်ရေးနေ့က သူ့ရဲ့မိန့်ခွန်းမှာထည့်ပြောပါတယ်။

ဒါပေမယ့် စစ်ကောင်စီဟာ အာဏာသိမ်းပြီးနောက် အစိုးရအဖွဲ့ခေါင်းဆောင်တွေ၊NLD ပါတီခေါင်းဆောင် တွေ နဲ့ပါတီဝင်တွေ အာဏာသိမ်းမှုဆန့်ကျင်တဲ့နိုင်ငံရေး အင်အားစုတွေပြည်သူတွေကို ဖမ်းဆီးသတ်ဖြတ်မှုတွေ လုပ် နေသလို ရွေးကောက်ပွဲစနစ်ကို PR စနစ်ကျင့်သုံးမယ်လို့ စစ်အုပ်စုလက်ဝေခံပါတီတွေရဲ့ သဘောထားနဲ့ အတည် ပြုဆုံးဖြတ်ခဲ့ပါတယ်။

ရွေးကောက်ပွဲမျှတတယ်မမျှတဘူးဆိုတာသူ(မင်းအောင်လှိုင်)စိတ်မဝင်စားဘူး၊သူရွေးကောက်ပွဲလုပ်တယ်ဆို တာကမ္ဘာကိုပြနိုင်ဖို့နဲ့သူ့ကိုနိုင်ငံတချို့ထောက်ခံလာအောင်လုပ်တယ်လို့ပဲကျွန်တော်ကတော့မြင်တယ်”လို့ ဦးအောင်မိုးဇော်က စစ်ကောင်စီရွေးကောက်ပွဲနဲ့ ပတ်သက်လို့ ဝေဖန်ပါတယ်။