စစ်ကောင်စီကကလေးမြို့အနောက်ဘက်စက္ကန့်ကျေးရွာကိုနှစ်ရက်ဆက်မီးရှို့

ကလေးမြို့အနောက်ပိုင်း စက္ကန့်ကျေးရွာကို ဇန်နဝါရီ ၅ ရက်နေ့လယ်ပိုင်းနဲ့ ဒီကနေ့မနက်ပိုင်းမှာ စစ်ကောင်စီကနှစ်ရက်ဆက်တိုက် မီးရှို့နေတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ 

“ မနေ့ကနေ့လယ်ကရှို့တာကတော့ ခုနစ်လုံး‌လောင်တယ်၊ဒီမနက်က မနက်အစောကြီးရှို့တာ၊ဘယ်နှလုံး‌ လောင်တယ်ဆိုတာတော့ မပြောနိုင်သေးဘူး” လို့ ကလေးမြို့အနောက်ပိုင်းဒေသခံတဦးကပြောပါတယ်။ 

စစ်ကောင်စီစစ်ကြောင်းဟာ ဒီဇင်ဘာ၅ ရက်နေ့ လယ်ပိုင်းမှာ စက္ကန့်ကျေးရွာကိုပထမအကြိမ်မီးရှို့ခဲ့ပြီးနောက် ကလေးမြို့တောင်ဖီလာအနားက ဝန်ထမ်းအိမ်ရာကို ပြန်လာညအိပ်ခဲ့ကြတာဖြစ်ပြီး ဒီက‌နေ့မနက်ပိုင်းမှာ စက္ကန့်ကျေးရွာကို စစ်ကြောင်းထိုးပြီးထပ်မံမီးရှို့တာဖြစ်တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။

ကလေးမြို့အနောက်ဖက်တောင်ဖီလာတောင်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်က ဒီဇင်ဘာ ၄ ရက် နဲ့ ၅ ရက်ညပိုင်းတွေမှာလည်း စက္ကန့်ရွာဘက်ကို လက်နက်ကြီးတွေနဲ့ရမ်းသမ်းပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ 

“ ပထမနေ့ညမှာပစ်တာ ထိခိုက်တယ်မကြားဘူး၊ မနေ့ညက ယောက်ျားတယောက်ထိမှန်တယ်ကြားတယ်၊ဘယ်လောက်ထိလဲ‌တော့ ကျွန်တော်မကြားသေးဘူး၊တိုက်ပွဲဖြစ်တာမျိုးမရှိပါဘူး၊ကလေးတွေက စက္ကန့်နီးနားတဝိုက်မှာရှိတတ်တာ၊ ပြီးတော့သူတို့ကိုမကြာခဏမိုင်းထောင်ပြီး ဖောက်ခွဲတာတွေကြောင့် ဒီလိုလုပ်တာထင်တယ်”လို့ ဒေသခံတဦးကပြောပါတယ်။

ကလေးမြို့အနောက်ပိုင်း မြို့လှ၊စက္ကန့်၊ သုံးအိမ်စုကျေးရွာဘက်တွေမှာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်အတွင်းစစ်ကောင် စီဟာ ဒေသခံကာကွယ်ရေးတပ်တွေရဲ့ မိုင်းဆွဲတိုက်ခိုက်မူကို အကြိမ်ကြိမ်ခံခဲ့ရပြီး သေဆုံးထိခိုက်မှုတွေရှိခဲ့ပါတယ်။