ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) ဒီနှစ်မှာ စစ်ရေးလှုပ်ရှားမှု မြှင့်တင်မယ်လို့ဆို

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်က ပြည်သူ့ကာကွယ်ရေး တပ် မတော် (မန္တလေး) MPDF အနေနဲ့ ဒီနှစ်အတွင်းမှာ စစ်ရေးကို တိုးမြင့်ဆောင်ရွက်တော့မယ်လို့ MDY – PDF သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ ရဲဘော်မိုးကြိုးက DNA ကိုပြောပါတယ်။

ဒီကနေ့ ဇန်နဝါရီလ (၅) ရက်နေ့မှာ အမျိုးသား ညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနတာဝန်ရှိသူတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) တပ်ရင်းတွေက တာဝန်ရှိသူတွေတွေ့ဆုံဆွေးနွေးခဲ့ပြီး စစ်ရေးနဲ့ပတ်သက်လို့လည်း ဆွေးနွေးခဲ့ကြတယ်လို့ သူကပြောပါတယ်။

” MDY – PDF အနေနဲ့ ၂၀၂၂ မှာလုပ်ဆောင်ခဲ့တဲ့ အရာတွေကို တင်ပြဆွေးနွေးတယ်၊ နောက်တ ချက်က ဘာတွေပြင်ဆင်ထားတယ်ဆိုတာ ညှိနှိုင်းဆွေးနွေးတာပါ၊ ဒီနှစ်ထဲမှာ စစ်ရေးအရှိန်ကို တိုးမြှင့်ဆောင်ရွက်ဖို့တွေ ဒါတွေလည်းပါတယ် ” လို့ ရဲဘော် မိုးကြိုးက ပြောပါတယ်။

အဲဒီဆွေးနွေးပွဲမှာ ၂၀၂၃ ခုနှစ်အတွင်းပြုလုပ်မယ့် စီမံချက်တွေနဲ့ စစ်ရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆုံး ဖြတ်အတည်ပြုခဲ့ကြတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနက တပ်ရင်းစုဖွဲ့မှုတွေနဲ့ ပက်သက်ပြီး လိုအပ်တာတွေကို ကူညီပံ့ပိုးပေးဖိုလည်း သဘောတူခဲ့တယ်လို့ ရဲဘော် မိုးကြိုးက ပြောပါတယ်။

ပြည်သူ့ကာကွယ်ရေး တပ်မတော် (မန္တလေး) ဟာ အမျိုးသားညီညွတ်ရေး အစိုးရ၊ ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ ကွပ်ကဲမှုအောက်မှာ စုဖွဲ့ထားသော တော်လှန်ရေးတပ်ဖွဲ့ဖြစ်ပြီး လက်ရှိမှာ တပ်ရင်း ၅ ရင်း ဖွဲ့စည်းထားသလို တပ်ရင်းအသစ်တွေ တိုးချဲ့ ဖွဲ့စည်းဖို့လည်း ပြင်ဆင်နေတယ်လို့သိရပါတယ်။

“တပ်ရင်းအသစ် ချဲ့ဖို့ဆိုတာက လူသားအရင်းအမြစ်တွေ လိုတာပေါ့။ အဓိကတော့ ရိက္ခာပေါ့ ရိက္ခာဆိုတာကလည်း ဆန်၊ ဆီ၊ ကျည်ဆန် ၊လက်နက်ပေါ့ ဒါတွေလိုအပ်ပါတယ် ” လို့ ရဲဘော်မိုးကြိုးကပြောပါတယ်။

ဒါ့အပြင်ပြည်သူတွေအနေနဲ့ စစ်ကောင်စီ လှုပ်ရှားသွားလာတဲ့ နေရာတွေနဲ့ ယာဉ်တန်းတွေအနီးနားမှာ နေထိုင်ခြင်း မပြုဖို့နဲ့ တော်လှန်ရေးအတွက် ပြည်သူရဲ့ ပူးပေါင်းပါဝင်မှုနဲ့ ပံ့ပိုးပေးမှုတွေ လိုအပ်တယ်လို့ သူကပြောပါတယ်။

” ပြည်သူတွေလိုချင်နေတဲ့ အရာတွေ အားတက်စေမယ်အရာတွေ ၂၀၂၃ မှာလာပါလိမ့်မယ်လို့ အသိပေးချင်ပါတယ် ” လို့ ရဲဘော်မိုးကြိုးက ပြောပါတယ်။