သံဖြူဇရပ်မှာ ကျေးရွာအုပ်ချုပ်ရေးရုံးအတွင်း ပေါက်ကွဲမှုဖြစ်ပြီးနောက် ဒေသခံလေးဦး ဖမ်းဆီးခံရ

မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ကျုံကဒက်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး ဗုံးဖောက်ခွဲခံရတဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ဒေသခံပြည်သူလေးဦးကို စစ်ကောင်စီ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကျုံကဒက်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံး ခြံဝင်းအတွင်းမှာ ဇန်နဝါရီ (၃) ရက် ညပိုင်းကပေါက်ကွဲမှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက အဲ့ဒီရုံးအနီးဝန်းကျင်မှာ နေထိုင်တဲ့ ဒေသခံလေးဦးကို မေးမြန်းစရာရှိတယ်လို့ဆိုကာ ဖမ်းဆီးသွားတာဖြစ်တယ်လို့ ဒေသခံတဦးက DNA ကို ပြောပါတယ်။

“ ဗုံးပေါက်ပြီး သိပ်မကြာဘူးပဲ၊ သူတို့လေးယောက်ကို နေအိမ်မှာ စစ်သားတွေက လက်နက်၊ယူနီဖောင်းအပြည့်အစုံနဲ့ ဝင်ခေါ်သွားတာ၊ မေးမြန်းစရာရှိတယ်လို့ပဲ ပြောပြီးခေါ်သွားတာပဲ ပြောတယ်” လို့ သူကပြောပါတယ်။

ဖမ်းဆီးခံရသူလေးဦးထဲက သုံးဦးဟာ သက်ကြီးပိုင်း အမျိုးသားတွေဖြစ်ပြီး အသက် (၇၀) ဝန်းကျင် တဦးလည်း ပါဝင်တယ်လို့ သိရပါတယ်။ ကျုံကဒက်ရွာခံတွေဖြစ်တဲ့ ဦးပါကြိုင်း၊ ဦးသက်ထူးအောင်၊ ဦးကြည်ဝင်းတို့နဲ့အတူ သူတို့နေအိမ်မှာ လာရောက်တည်းခိုနေတဲ့ အမျိုးသားတဦးတို့ကို ဖမ်းခေါ်သွားတာဖြစ်တယ်လို့ သိရပါတယ်။

“ဘာနိုင်ငံရေးမှနဲ့လည်း ပတ်သက်မှု မရှိဘူးဗျာ၊ အသက်လည်း ကြီးနေကြပါပြီး၊ ကျွန်တော်ထင်တာက ဗုံးပေါက်တာက သူတို့အနားဖြစ်တာနဲ့ သူတို့အိမ်မှာ ဧည့်သည်အမျိုးသားတစ်ယောက်လာတည်းနေလို့ သူစိမ်းလူဖြစ်နေတာကြောင့် သံသယနဲ့ ဖမ်းတာပဲ ထင်တယ်” လို့ သံဖြူဇရပ်ဒေသခံက ပြောပါတယ်။

လက်ရှိ ဖမ်းဆီးခံရတဲ့သူတွေကို သံဖြူဇရပ်မြို့မရဲစခန်းမှာ ဖမ်းဆီးချုပ်နှောင်ထားပြီး စစ်ဆေးမေးမြန်းတာတွေ လုပ်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

ကျုံကဒက်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးဝင်းထဲမှာဖြစ်ခဲ့တဲ့ ပေါက်ကွဲမှုဟာ လက်လုပ်မိုင်းပေါက်ကွဲတာဖြစ်ပြီး လူထိခိုက်မှုမရှိပေမယ့် ရုံးအဆောက်အဦတချို့ ပျက်စီးမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒီဖောက်ခွဲမှုနဲ့ပတ်သက်လို့ ဘယ်အဖွဲ့အစည်းက လုပ်တယ်ဆိုတာကိုတော့ မသိရသေးပါဘူး။