အခုနှစ်အတွင်း ကျင်းပမယ်လို့ စစ်ကောင်စီက ထုတ်ဖော်ပြောဆိုထားတဲ့ ရွေးကောက်ပွဲအတွက် ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကတည်းက စတင်ပြင်ဆင်နေတဲ့ ပြည်ခိုင်ဖြိုးပါတီက နိုင်ငံရေးပါတီ (၃၇) ခုနဲ့ ဒီကနေ့ အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
နေပြည်တော်မှာ စစ်ကောင်စီကျင်းပတဲ့ လွတ်လပ်ရေးနေ့ အခမ်းအနားတက်ခဲ့တဲ့ ပါတီတွေနဲ့ ပြည်ခိုင်ဖြိုးပါတီရုံးချုပ်မှာ ဒီကနေ့ ဇန်နဝါရီ (၅) ရက်မှာ ငါးနာရီကျော်ကြာ တွေ့ဆုံဆွေးနွေးခဲ့ကြတာဖြစ်တယ်လို့ ဆိုပါတယ်။
အဲ့ဒီတွေ့ဆုံပွဲကို ဘယ်နိုင်ငံရေးပါတီတွေ တက်ပြီး၊ ဘာတွေ ဆွေးနွေးခဲ့တယ်ဆိုတာကိုတော့ ပြည်ခိုင်ဖြိုးပါတီက အသေးစိတ်မထုတ်ပြန်ပါဘူး။ ဦးခင်ရီဦးဆောင်တဲ့ ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့သစ်နဲ့ နိုင်ငံရေးပါတီတွေက ကိုယ်စားလှယ်တွေကို မိတ်ဆက်ပေးခဲ့တယ်လို့သာ ဖော်ပြပါတယ်။
စစ်ကောင်စီ လွတ်လပ်ရေးနေ့အခမ်းအနားကို တက်ခဲ့တဲ့ ပါတီတွေနဲ့ တွေ့တယ်လို့ ဆိုထားတာကြောင့် အာဏာသိမ်းမှုကို လက်မခံဆန့်ကျင်ကြောင်း ထုတ်ဖော်ပြောဆိုထားတဲ့ နိုင်ငံရေးပါတီတွေတော့ ပါဝင်ဖွယ်မရှိပါဘူး။ ဒီတွေ့ဆုံမှုနဲ့ ပတ်သက်ပြီး DNA က ဆက်လက် စုံစမ်းနေပါတယ်။