ရခိုင်မှာ တကျော့ပြန်တိုက်ပွဲ အပစ်ရပ်ပြီးနောက် တလကျော်ခွဲလောက်အကြာ အခုရက်ပိုင်းအတွင်း စစ်ကောင်စီနဲ့ AA တို့ ပထမဆုံးအကြိမ်အဖြစ် စစ်သုံ့ပန်းလှဲလှယ်ခဲ့ကြတယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။
ပုဏ္ဏားကျွန်မြို့နယ်အတွင်းက ပဒေသာကျေးရွာနဲ့ ကွမ်းတောင်ကျေးရွကြား ရန်ကုန်-စစ်တွေကားလမ်းမပေါ်မှာ ဇန်နဝါရီ (၃) ရက်က နှစ်ဘက်သုံ့ပန်းလဲလှယ်မှု လုပ်ခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။
“ဟိုဘက်၊ ဒီဘက် နှစ်ဘက်လုံးက လူတွေကို အလဲအလှယ်လုပ်ကြတာပါ၊ လဲတာမှာ အရာရှိတွေ ပါတယ်လို့ ပြောပါတယ်၊ ဟိုဘက်က သုံးလေးယောက်၊ ဒီဘက်က သုံးလေးယောက်လောက်ပါ” လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပုဏ္ဏားကျွန်း ဒေသခံတဦးက ပြောပါတယ်။
အဲဒီသုံ့ပန်းလှဲလှယ်ရာမှာ စစ်ကောင်စီတပ်ဘက်က ကားတွေရောက်လာပြီး တစ်ဘက်စီမှာ တပ်ဖွဲ့ဝင်အင်အား၊ သုံး၊ လေးဆယ်ဝန်းကျင်ခန့် ပါဝင်ကြတယ်လို့ အနီးတဝိုက်က ဒေသခံတွေက ပြောပါတယ်။
နှစ်ဘက် အလှဲအလှယ်လုပ်ခဲ့တဲ့ စစ်သုံ့ပန်းတွေထဲမှာတော့ ဘယ်သူတွေပါဝင်တယ်၊ ဘယ်နှဦးလဲလှယ်ခဲ့တယ်၊ ဘယ်အဆင့်တွေဖြစ်တယ် စတဲ့အသေးစိတ်အချက်အလက်တွေကိုတော့ မသိရပါဘူး။
စခန်းသိမ်းတိုက်ပွဲတွေအထိ ပြင်းထန်ပြီး လေးလေကျော်ကြာ ဖြစ်ပွားခဲ့တဲ့ စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော် (AA) တို့ရဲ့ တစ်ကျော့ပြန်တိုက်ပွဲတွေဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၆ ရက်နေ့မှာ နှစ်ဘက် အလွှတ်သဘောတူညီချက်နဲ့ အပစ်အခတ်ရပ်စဲခဲ့ကြတာပါ။
အဲဒီလိုအပစ်ရပ်ပြီး တစ်လကျော်အကြာမှာ ပထမဆုံးအကြိမ်အဖြစ် အခုလိုမျိုးစစ်သုံ့ပန်းလှဲလှယ်တာ ဖြစ်ပါတယ်။ ဒီလို သုံ့ပန်းအလှဲအလှယ်လုပ်တဲ့ကိစ္စ အသေးစိတ်မသိရပေမယ့် အပစ်ရပ်ပြီးနောက် စစ်ကောင်စီတပ်နဲ့ AA တို့ကြား ဆွေးနွေးညှိနှိုင်းမှုတွေ ရှိခဲ့တယ်လို့ နီးစပ်သူတွေဆီက သိရပါတယ်။
ဒါပေမယ့် စစ်ကောင်စီတပ်က တိုက်ပွဲကာလအတွင်း ဖမ်းဆီးထားခဲ့သူတွေကိုတော့ ပြန်လွှတ်ပေးတာ၊ တရားစွဲဆိုထားသူတွေကို အမှုရုပ်သိမ်းပေးတာ၊ အကျဉ်းခံနေရသူတွေကို လွှတ်ပေးတာမျိုး မရှိသေးဘူးလို့ မိသားစုဝင်တွေက ပြောကြပါတယ်။ အရင်ပထမတစ်ကြိမ် အပစ်အခတ်တွေ ရပ်စဲထားတုန်းကလည်း စစ်တပ်နဲ့ AA တို့ကြား သုံ့ပန်းလဲလှယ်မှုတွေ ရှိခဲ့ဖူးပါတယ်။
ရခိုင်ဒေသတိုက်ပွဲတွေအတွင်း စစ်ကောင်စီက ဖမ်းမိထားတဲ့ သုံ့ပန်းအရေအတွက် မသိရပေမယ့် ရခိုင့်တပ်တော် AA ကတော့ သူတို့ဆီကို ခိုလှုံလာသူတွေနဲ့ ဖမ်းမိထားသူ စစ်ကောင်စီတပ်ဖွဲ့ဝင် စုစုပေါင်း (၁၅၀) ကျော်ရှိတယ်လို့ ၂၀၂၂ခုနှစ် စက်တင်ဘာလအတွင်း ထုတ်ပြန်ထားပါတယ်။