ကနီမှာ စစ်တပ် ရိက္ခာတင်စက်လှေ တိုက်ခိုက်ခံရပြီး ပကဖတွေက ဆန်အိတ်ရှစ်ဆယ်ကျော် သိမ်းဆည်း

စစ်ကိုင်းတိုင်း ကနီမြို့နယ် ငါးဖျတ်ရွာ အနီးမှာ မုံရွာကနေထွက်လာတဲ့ စစ်ကောင်စီရဲ့ ရိက္ခာတင် စက်လှေကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး ဆန်အိတ် (၈၂) အိတ်နဲ့ တခြားပစ္စည်းတွေကို သိမ်းဆည်းကာ စက်လှေကို မီးရှို့ဖျက်ဆီးလိုက်တယ်လို့ Department of information – DRPA အဖွဲ့ရဲ့ ပြန်ကြားရေး အဖွဲ့ဝင် ရဲဘော်ညိုမင်းက ပြောပါ တယ်။

မုံရွာကနေ ဇန်နဝါရီ(၃)ရက် မနက်ပိုင်းမှာစတင်ထွက်လာတဲ့ စစ်ကောင်စီရဲ့ ရိက္ခာတင် စက်လှေ ၂ စီးဟာ ည၈ နာရီလောက်မှာ ငါးဖျတ်ရွာအနီး ရှေ့ဆင်နောက်ဆင့် ဆိုသလို သောင်တင်ခဲ့ပြီး အင်အား ၇ ဦးသာပါတဲ့ အနောက်ကစက်လှေကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာလို့ သူကပြောပါတယ်။ 

“အရှေ့တစ်စီးက လူ ၇၀ လောက်ပါတယ်၊နောက်ကစက်လှေက ရိက္ခာတွေနဲ့ လူ ၇ ဦးလောက်ပဲပါတာပေါ့၊နဂို ကတည်းကအဲဒီနေရာက ရေတိမ်တဲ့အပြင်ကို အခုဟာကမြစ်ရေကျပြီး သောင်ထွန်းနေတယ်၊နှစ်စီးထဲမှာအနောက်ကအစီးကအရင်သောင်တင်တယ်”လို့ ရဲဘော်ညိုမင်းကပြောပါတယ်။

အဲ့ဒီစက်လှေကို စီးနင်းသိမ်းပိုက်ဖို့ကြိုးစားချိန်မှာ နှစ်ဘက် အပြန်အလှန် ပစ်ခတ်ခဲ့ရပြီး စစ်ကောင်စီ စက်လှေ ပေါ်က နှစ်ဦးသေကာ ငါးဦးက ရေထဲခုန်ချပြီး ရှေ့က လူအင်အားများတဲ့ စက်လှေဆီသွားရောက်းပူးပေါင်းတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ ရိက္ခာတင် စက်လှေပေါ်မှာ ဆန်အိတ် ၈၂ အိတ်၊ ပဲ ၁၀ အိတ်၊ စားဆီပုံး ၁ ပုံး၊ စစ်သုံးကျောပိုးအိတ် ၃ လုံးနဲ့ ကျည်ကာအကျီတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။ 

“ရှေ့ကလှေကလည်းသောင်တင်နေတာဆိုတော့နောက်ကို ပြန်လှည့်မရဘူး၊ ကျွန်တော်လှေပေါ်ကို ခပ်မြန်မြန် တက်ပြီး ပစ္စည်းတွေသိမ်းဆည်းနိုင်ခဲ့တယ်၊သူတို့အလောင်းနှစ်လောင်းကိုလည်းတွေ့ခဲ့တယ်၊လှေကကျွန်တော်တို့လည်း သုံးမရတော့ မီးရှို့လိုက်တယ်၊ရှေ့ကကောင်တွေကျွန်တော်တို့ကို အဲချိန် လက်နက်ကြီးနဲ့ လှမ်းပစ်တာတော့ရှိ ပါတယ် ” လို့ ရဲဘော်ညိုမင်းကပြောပါတယ်။ 

လတ်တလောမှာ စစ်အုပ်စုက သောင်တင်နေတဲ့ နေရာမှာတင်ရှိနေသေးပြီး အနီးအနားကကျေးရွာတွေကို ပတ်ရမ်းနိုင်တယ်လို့ သူကပြောပါတယ်။ အဲဒီ တိုက်ခိုက်မှုကို DRPA အဖွဲ့နဲ့ မဟာမိတ် KLG တပ်မဟာတို့ပူးပေါင်း လုပ်ဆောင်တာလို့ သိရပါတယ်။