အီရန်ဒရုန်းတွေမှာ အမေရိကန် ကုမ္ပဏီ ၁၃ ခုက ထုတ်လုပ်တဲ့ ကုန်ကြမ်းတွေ ပါဝင်နေ

ယူကရိန်းစစ်ပွဲမှာ ရုရှားတပ်တွေ အသုံးပြုနေတဲ့ အီရန်လုပ် ဖောက်ခွဲရေး ဒရုန်းတွေမှာ အနည်းဆုံး အမေရိကန် ကုမ္ပဏှီ ၁၃ ခုရဲ့ ထုတ်ကုန် အစိတ်အပိုင်းတွေ ပေါင်းစပ် ပါဝင်နေကြောင်း သိရပါတယ်။

ယူကရိန်းစစ်တပ်တွေ ကြားဖြတ် ပစ်ချခဲ့တဲ့ Shahed-136 ဒရုန်းတစ်စီးကို ခွဲခြမ်းစိတ်ဖြာ လေ့လာပြီးတဲ့နောက် တွေ့ရှိလာတဲ့ အချက်အလက်တွေကို CNN သတင်းဌာနက ထုတ်ဖော် ရေးသားခဲ့ပါတယ်။

ဒရုန်းရဲ့ အစိတ်အပိုင်း ၅၂ ခုလောက်ကို ယူကရိန်း ထောက်လှမ်းရေးတွေက စုဆောင်းယူလာပြီး ဆန်းစစ်ကြည့်တဲ့အခါ အခု ၄၀ က အမေရိကန် ကုမ္ပဏီ ၁၃ ခုရဲ့ ထုတ်ကုန်တွေ ဖြစ်နေပါတယ်။ တခြား အစိတ်အပိုင်းတွေမှာ ဆိုရင်လည်း ကနေဒါ၊ ဆွစ်ဇာလန်၊ ဂျပန်၊ ထိုင်ဝမ်နဲ့ တရုတ်က ကုန်ကြမ်းတွေ ရောနှော ပါဝင်နေတာကို တွေ့ရပါတယ်။ CNNက အဲဒီ ကုမ္ပဏီတွေရဲ့ နာမည်တွေကိုတော့ မထုတ်ပြန်ပါဘူး။

အီရန်ရဲ့ နျူကလီးယား လက်နက် တီထွင်စမ်းသပ်မှုတွေကြောင့် ကုန်ပစ္စည်း တင်သွင်းခွင့်တွေ အပါအဝင် ဘက်ပေါင်းစုံ အရေးယူ ပိတ်ဆို့မှုတွေ တင်းတင်းကျပ်ကျပ် သတ်မှတ်ထားပေမယ့် အခုလိုမျိုး အမေရိကန်ရဲ့ ကုန်ကြမ်းတွေက အီရန်ရဲ့ စစ်လက်နက်တွေအတွက် အထောက်အပံ့ ဖြစ်နေတဲ့အပေါ် အမေရိကန် အာဏာပိုင်တွေကလည်း စုံစမ်း စစ်ဆေးသွားဖွယ် ရှိနေပါတယ်။

ရုရှားဟာ နည်းပညာနိမ့်ပြီး စျေးပေါပေမယ့် အလုံးအရင်း အသုံးပြုနိုင်တဲ့ ဖောက်ခွဲရေး ဒရုန်းတွေကို အီရန်ဆီကနေ အရေအတွက် အမြောက်အမြား မှာယူပြီး ယူကရိန်းရဲ့ အရပ်ဖက် ပစ်မှတ်တွေကို အဓိက တိုက်ခိုက်နေပါတယ်။ အဲဒီ ဒရုန်းတွေကို ပခုံးထမ်း လောင်ချာလောက်နဲ့တင် အလွယ်တကူ ပစ်ချနိုင်ပေမယ့် အရေအတွက် အများကြီး နေ့စဉ်ရက်ဆက် ပျံသန်း ရောက်ရှိလာနေတဲ့အခါ ယူကရိန်း ကာကွယ်ရေး တပ်တွေအတွက် အတော်ကြီး ဝန်ပိစေပါတယ်။

ယူကရိန်း စစ်ဘက်ကလည်း အဲဒီဒရုန်းတွေကို ပစ်ချရတဲ့ လက်နက်တွေရဲ့ တန်ဖိုးက ဒရုန်းတွေထက် စျေးပိုကြီးနေတယ်လို့ ဝန်ခံထားပါတယ်။ အီရန်က သူတို့ရဲ့ ဒရုန်းတွေကို ယူကရိန်း စစ်ပွဲ မတိုင်ခင် ကတည်းက တင်ပို့ထားတာပါလို့ ပြောပြီး စစ်ပွဲမှာ ရုရှားကို လက်နက်တွေ ထောက်ပံ့နေတယ်ဆိုတဲ့ စွပ်စွဲချက်ကို ငြင်းပယ်ထားပါတယ်။

အမေရိကန် အစိုးရ ရုံးစိုက်ရာ အိမ်ဖြူတော်ကတော့ ရန်သူတော် နှစ်နိုင်ငံကြား စစ်ရေး မဟာမိတ်အဖြစ် ပူးပေါင်း ဆောင်ရွက်မှုတွေ ပိုပြီး အရှိန်ရလာနေတာလို့ ရှုမြင်သလို အမေရိကန် ကုန်ကြမ်းတွေနဲ့ တည်ဆောက်ထားတဲ့ အီရန်ဒရုန်းတွေ ကိစ္စကိုလည်း စုံစမ်းသွားမယ်လို့ ပြောပါတယ်။

အမေရိကန် အစိုးရရဲ့ အမျိုးသား လုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရ အရာရှိ ဂျွန်ကာဘီက စစ်ပွဲမှာ အီရန်က ရုရှားကို ဒရုန်းတွေနဲ့ ထောက်ပံ့နေပြီး တစ်ဖက်မှာတော့ ရုရှားက အီရန်အတွက် လိုအပ်တဲ့ အသုံးအဆောင် ကိရိယာတွေနဲ့ နည်းပညာတွေ ပံ့ပိုးပေးနေကြောင်း၊ ဒီအခြေအနေအရ နှစ်နိုင်ငံကြား စစ်ရေးပူးပေါင်း ဆောင်ရွက်မှုဟာ အစွမ်းကုန် နီးစပ်လာပြီလို့ သတ်မှတ်နိုင်ကြောင်း ပြီးခဲ့တဲ့လတုန်းက မှတ်ချက်ပေးထားခဲ့ဖူးပါတယ်။