ဟိုက်ပါဆောနစ် ဒုံးကျည်တွေ တပ်ထားတဲ့ စစ်သင်္ဘောသစ် ရေချပွဲကို ပူတင် ကြီးမှူး

ဟိုက်ပါဆောနစ် ခရုစ်ဒုံးကျည်တွေ တပ်ဆင်ထားတဲ့ ဖရီးဂိတ် စစ်သင်္ဘောသစ်ကြီးတစ်စီး ရေချပွဲ အခမ်းအနားကို ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ဗီဒီယိုကောလ်ကတဆင့် ချိတ်ဆက်ပြီး ကြီးမှူးခဲ့ပါတယ်။

ယူကရိန်း စစ်ပွဲကြောင့် နိုင်ငံတကာ ဖိအားပေးမှုတွေ မြင့်တက်လာချိန်မှာ ရုရှားရေတပ်ရဲ့ တန်ပြန် အင်အားပြမှု တစ်ခုလို့ ဆိုရမယ့် ရေယာဉ်သစ် ရေချပွဲမှာ ပူတင်နဲ့အတူ ကာကွယ်ရေးဝန်ကြီး ဆာဂျီရွှိုင်ဂူနဲ့ ဖရီးဂိတ် သင်္ဘောသစ်ကြီး Admiral Gorshkovရဲ့ ဦးစီးမှူး အီဂေါ် ခရော့ခ်မဲလ်တို့လည်း ပါဝင်ချိတ်ဆက်ခဲ့ကြပါတယ်။

ဇန်နဝါရီ ၄ ရက်နေ့က အခမ်းအနားမှာ ပူတင်က ဖရီးဂိတ် စစ်သင်္ဘောသစ်ရဲ့ တိုက်ခိုက်ရေး စွမ်းရည်တွေကို အထူးတလည် ချီးကျူး ဂုဏ်တင်သွားပါတယ်။ Admiral Gorshkovမှာ နောက်ဆုံးပေါ် အဆင့်မြင့် Zircon အမျိုးအစား ခရုစ် ဒုံးကျည်တွေ တပ်ဆင်ထားကြောင်း ပူတင်က ဆိုပါတယ်။ ပြီးတော့ ရေယာဉ် အမှုထမ်းတွေ အနေနဲ့ မိခင်နိုင်ငံရဲ့ ကောင်းကျိုးကို စွမ်းစွမ်းတမံ၊ အောင်အောင်မြင်မြင် ထမ်းဆောင်နိုင်ဖို့ ဆုတောင်းပေးတယ်လို့လည်း ပူတင်က ပြောခဲ့ပါတယ်။

ရွှိုင်ဂူက အဲဒီ သင်္ဘောဟာ အတ္တလန္တိတ် သမုဒ္ဒရာ၊ အိန္ဒိယ သမုဒ္ဒရာနဲ့ မြေထဲပင်လယ်တို့မှာ စစ်ဆင်ရေး တာဝန်တွေ ထမ်းဆောင်မယ်လို့ ပြောပါတယ်။ ဖရီးဂိတ် စစ်သင်္ဘောမှာ တပ်ဆင်ထားတဲ့ ဟိုက်ပါဆောနစ် ဒုံးကျည်တွေဟာ ကီလိုမီတာ ၁၀၀၀ ကျော်မှာရှိတဲ့ ရန်သူရဲ့ ရေပြင်နဲ့ မြေပြင် ပစ်မှတ်တွေကို တိတိကျကျ ချေမှုန်းနိုင်တယ်လို့လည်း သူက ကြွေးကြော်ပါတယ်။

ကမ္ဘာ့အင်အားကြီး နိုင်ငံတွေ အပြိုင်အဆိုင် တီထွင်အဆင့်မြှင့်နေတဲ့ ဟိုက်ပါဆောနစ် လက်နက် နည်းပညာမှာ ရုရှားဟာ ရှေ့ကပြေးနေတယ်လို့ ယုံကြည်ရပြီး အခုအခါ တိုက်ပွဲဝင် အဆင့်ထိ ခင်းကျင်းပြင်ဆင်မှုတွေ စတင်နေပါပြီ။ ဟိုက်ပါဆောနစ် ဒုံးကျည်တွေဟာ အသံထက် အနည်းဆုံး ၅ ဆ ပိုမြန်အောင် ပျံသန်းနိုင်ကြပြီး ကြားဖြတ်ဟန့်တား ပစ်ချဖို့ မဖြစ်နိုင်သလောက် ခက်ခဲပါတယ်။

ရုရှားဟာ Zircon အမျိုးအစား ဟိုက်ပါဆောနစ် ဒုံးကျည်ကို မနှစ်တုန်းက ရေငုပ်သင်္ဘော တစ်စီးပေါ်ကနေ လက်တွေ့ စမ်းသပ် ပစ်ခတ်ခဲ့ဖူးပါတယ်။ ဟိုက်ပါဆောနစ် ဒုံးကျည်တွေ ပိုင်ဆိုင်ရေးအတွက် အမေရိကန်နဲ့ တရုတ်တို့ကလည်း အပြင်းအထန် အားစိုက် တီထွင်နေတာကြောင့် အဲဒီနည်းပညာဟာ အနာဂတ် စစ်လက်နက် ပြိုင်ဆိုင်မှုရဲ့ အဓိက ကဏ္ဍတစ်ခု ဖြစ်လာနေကြောင်း စစ်ရေး သုတေသီတွေက သုံးသပ်ထားပါတယ်။