မြောင်းမြထောင်က နိုင်ကျဉ်း ၂၆ ဦး ပြန်လွတ်လာပြီး သတင်းထောက်နှစ်ဦးပါဝင်

ဧရာ၀တီတိုင်း၊ မြောင်းမြအကျဉ်းထောင်ကနေ ဒီကနေ့ ဇန်နဝါရီလ ၄ ရက်နေ့ လွတ်ငြိမ်းခွင့်နဲ့ နိုင်ငံရေးအကျဉ်းသား ၂၆ ဦးနဲ့ မြောင်းမြမြို့ခံ သတင်းထောက် ၂ ဦး လွတ်မြောက်လာတယ်လို့ နိုင်ကျဉ်းတွေနဲ့နီးစပ်သူတွေက ပြောပါတယ်။

“ အိမ်မဲ၊ မြောင်းမြ၊ ဝါးခယ်မ မြို့နယ်ထဲ မြောင်းမြထောင်မှာ ကျနေတဲ့ နိုင်ကျဉ်းတွေပါ။ လွတ်ဖို့ရက်ကသိပ်မလိုတော့တဲ့ ၅၀၅ သမားတွေပါ နိုင်ကျဉ်း အမျိုးသမီး ၃ ဦး လည်းပါတယ်” လို့ ဒေသခံ နိုင်ငံရေး အကျဉ်းသားဟောင်းတစ်ဦး က DNA ကိုပြောပါတယ်။

လွတ်မြောက်လာတဲ့ နိုင်ငံရေး အကျဉ်းသား ၂၆ ဦးအနက် မြောင်းမြမြို့ အခြေစိုက် နေပြည်တိုင်းသတင်းဌာနက သတင်းထောက်လည်းဖြစ် မြောင်းမြမြို့ခံ ကဗျာဆရာလည်းဖြစ်တဲ့ ဦးမောင်မောင် ခေါ် ကိုရဝေအောင်နဲ့ မြောင်းမြမြို့ခံ မှုခင်းသတင်းထောက် ဦးလှမျိုးခေါ် ရာဇာကြီးတို့လည်း ပါဝင်တယ်လို့ ဆက်သိရပါတယ်။

လွတ်မြောက်လာသူ နိုင်ငံရေးအကျဉ်းသားတွေဟာ စစ်တပ်အာဏာတာကို ဆန့်ကျင်ဆန္ဒပြလို့ဖမ်းဆီးခံရသူတွေ အများစုဖြစ်ပြီး ပုဒ်မ ၅၀၅ နဲ့ ထောင် ၂ နှစ်နဲ့အောက် ကျခံနေရသူတွေ ဖြစ်တာကြောင့် လွတ်မြောက်ဖို့ လပိုင်းရက်ပိုင်းသာ လိုတော့တဲ့သူတွေဖြစ်တယ်လို့ ဆိုပါတယ်။

“မြောင်းမြခရိုင်ထဲက အိမ်မဲ ဝါးခယ်မ မြို့နယ်ဘက်က လွတ်တဲ့သူတွေကို ထောင်ဗူးဝကနေ တခါတည်း ကားပေါ်တင်ပြီး အကျဉ်းဦးစီးကသက်ဆိုင်ရာ ဒေသကို ပို့ပေးတယ်” လို့ အကျဉ်းဦးစီးဌာနနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

မြောင်းမြထောင်က လွှတ်မြောက်သူတွေမှာ နိုင်ငံရေးအကျဉ်းသား အမျိုးသား၊ အမျိုးသမီး ၂၆ ဦးနဲ့ အခြားပြစ်မှုဆိုင်ရာ အကျဉ်းသား အမျိုးသမီး အမျိုးသား ၁၄၀ လည်းပါဝင်ပြီး အားလုံး ၁၆၆ ဦး ဖြစ်တယ်လို့ အကျဉ်းဦးစီးဌာနနဲ့ နီးစပ်သူတွေထံက သိရပါတယ်။