မန္တလေးတိုင်း နွားထိုးကြီးမြို့၊ မင်းရွာက ဒေသခံသုံးဦးကို စစ်တပ်ကဖမ်းသွားပြီး နောက်တနေ့မနက်မှာ သတ်ဖြတ်ခံထားရတဲ့ ရုပ်အလောင်းတွေကို လမ်းဘေးမှာ တွေ့ကြရတယ်လို့ ဒေသခံတွေကပြောပါတယ်။
မင်းရွာကျေးရွာက ဒေသခံအရပ်သား ပြည်သူတွေဖြစ်တဲ့ ဦးငြိမ်း (၄၅-နှစ်)၊ ကိုသောင်းတန် (၂၇-နှစ်) နဲ့ ကိုဇော်ထွေး (၂၅-နှစ်) တို့ကို စစ်ကောင်စီကမနေ့က ဇန်နဝါရီ (၃) ရက်ညပိုင်းမှာ ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ နွားထိုးကြီး မြိုခံတဦးကပြောပါတယ်။
” မနေ့က ညနေပိုင်းတည်းကလာဖမ်းတာ မတွေ့လို့ဆိုပြီး ညပိုင်းမှာထပ်လာဖမ်းသွားကြတယ်၊ မနက်ရောက်တော့ သူတို့အလောင်းတွေကို မြို့အရှေ့ဖက်က ဂွေးပင်ရိုးလမ်းခွဲမှာ လာပစ်သွားတာပါ ” လို့ သူကပြောပါတယ်။
စစ်ကောင်စီအဖွဲ့ဝင်တွေက မင်းရွာမှာ ဦးငြိမ်းကိုသူရဲ့နေအိမ်ထဲ ဝင်ရောက်ဖမ်းဆီးခဲ့ပြီး နေအိမ်မှာ မနေရဲလို့ ရွာဘုန်းကြီးကျောင်းမှာ သွားနေတဲ့ ကိုသောင်းတန်နဲ့ ကိုဇော်ထွေးတို့ကိုလည်း ဘုန်းကြီး ကျောင်းထဲဝင်ပြီး ဆက်လက်ဖမ်းခဲ့တယ်လို့သိရပါတယ်။
ဒီကနေ့ မနက် သူတို့ရဲ့ အလောင်းတွေ တွေ့ရချိန်မှာ ကိုဇော်ထွေးက အသက်ရှင်နေသေးတဲ့အတွက် ဆေးရုံကို ပို့ထားပေမယ့် ဒဏ်ရာတွေအများအပြား ရထားတယ်လို့ သိရပါတယ်။
အဲ့ဒီလို စွန့်ပစ်ခံထားရသူတွေဟာ လက်ကိုကြိုးတုပ်ခံထားရသလို ဓားဒဏ်ရာ၊ ထိုးကြိတ်ခံထားရတဲ့ ဒဏ်ရာတွေနဲ့ သေနတ်ဒဏ်ရာတွေလည်း ရထားတယ်လို့ ဆိုပါတယ်။
နွားထိုးကြီးမြို့မှာ စစ်တပ်နဲ့ ပျူစောထီးအဖွဲ့တွေပေါင်းပြီး NLD ပါတီဝင်တွေကို မထင်ရင်မထင်သလို ဖမ်းဆီးသတ်ဖြတ်နေပြီး လက်ရှိအချိန်အထိ လူ ၂၀ ကျော် ဖမ်းဆီးသတ်ဖြတ်ခံထားရတယ်လို့ မြို့ခံတွေက ပြောကြပါတယ်။