စစ်အာဏာသိမ်းတဲ့နေ့ကတည်းက စစ်တပ်ကဖမ်းဆီးသွားတဲ့ ရန်ကုန်တိုင်း၊ စည်ပင်သာယာရေး ကော်မတီဝင်၊ ပရဟိတစာရေးဆရာမ ဒေါ်သန်းမြင့်အောင်ဟာ ဒီကနေ့ဇန်နဝါရီ ၄ ရက်နေ့ မှာ ရန်ကုန်အင်းစိန်အကျဉ်းထောင်ကနေ စစ်ကောင်စီရဲ့လွတ်ငြိမ်းနဲ့ပြန်လွတ်မြောက်လာပါတယ်။
စာရေးဆရာမ ဒေါ်သန်းမြင့်အောင်ကိုလည်း စစ်ကောင်စီ စစ်အာဏာသိမ်းတဲ့ ပထမဆုံးနေ့ နံနက်အစောပိုင်းမှာ စစ်သားတွေ၊ အရပ်ဝတ်နဲ့လုံခြုံရေးတွေက နေအိမ်ကိုဝင်ရောက် စီးနင်းပြီး အတင်း အဓမ္မ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့တာဖြစ်ပါတယ်။
အဲ့ဒိနောက် ၂၀၂၁ခုနှစ်၊ဒီဇင်ဘာ ၂၇ ရက်မှာ အင်းစိန်ထောင်တွင်းတရားရုံးက နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅-ကနဲ့ အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၃ နှစ် အမိန့်ချမှတ်ခံခဲ့ရပါတယ်။
စစ်တပ်က ၂နှစ်နီးပါးဖမ်းဆီးထိန်းသိမ်းထားပြီးတဲ့နောက် ဒီကနေ့မှာပြန်လွတ်မြောက်လာတာပဲဖြစ်ပါတယ်။
စာရေးဆရာမ ဒေါ်သန်းမြင့်အောင်ဟာ ဆည်းဆာရိပ် ဂိလာန ဘိုးဘွားရိပ်သာ၊ အနုပညာဆည်းဆာရိပ် ဘိုးဘွားရိပ်သာ၊ သုခရိပ်မြုံ HIV ကူးစက်ခံ မိဘမဲ့ကလေးများဂေဟာ၊ “အောင်” ဖောင်ဒေးရှင်း လူမှုဝန်းကျင်နဲ့ပရဟိတ သင်တန်းကျောင်း တို့ကို တည်ထောင်ခဲ့သူလည်းဖြစ်ပါတယ်။
အရပ်သား အစိုးရ NLD လက်ထက်မှာတော့ ရန်ကုန်တိုင်း၊ စည်ပင်သာယာရေး ကော်မတီဝင် အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူတဦး ဖြစ်ပါတယ်။