ဒီကနေ့ ဇန်နဝါရီ ၄ရက်၊ လွတ်လပ်ရေးနေ့ အထိမ်းအမှတ်နဲ့ အကျဉ်းထောင်အသီးသီးက အကျဉ်းသားတွေ ကိုလွတ်ငြိမ်းချမ်းသာခွင့်နဲ့ စစ်ကောင်စီကလွှတ်ပေးမယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်လာပြီးနောက် ရန်ကုန်၊ အင်းစိန်အကျဉ်းထောင်ရှေ့မှာမိသားစုဝင်တွေကလာရောက်စောင့်ဆိုင်းနေတဲ့မြင်ကွင်းတွေပဲဖြစ်ပါတယ်။
” မနက်အစောပိုင်းကတည်းက လာစောင့်နေကြတာ။ ၉နာရီလောက်မှာ လူရာဂဏန်းလောက်ရှိနေပြီ။
ဘာသတင်းမှတော့မကြားထားဘူး။ လွတ်လပ်ရေးနေ့လွတ်ငြိမ်းရှိတယ်ဆိုတော့ လွတ်လိုလွတ်ငြားလာစောင့်နေရတာ” လို့ အင်းစိန်အကျဉ်းထောင်ရှေ့မှာစောင့်ဆိုင်းနေတဲ့ နိုင်ကျဉ်းမိသားစုဝင်တဦးကပြောပါတယ်။
လက်ရှိမှာတော့ စစ်အာဏာသိမ်းတဲ့နေ့ကတည်းက စစ်တပ်ကဖမ်းဆီးသွားတဲ့ ရန်ကုန်တိုင်း၊ စည်ပင်သာယာရေး ကော်မတီဝင်၊ ပရဟိတစာရေးဆရာမ ဒေါ်သန်းမြင့်အောင်ရန်ကုန်အင်းစိန်အကျဉ်းထောင်ကပြန်လွတ်မြောက်လာပြီဆိုတာ DNA က အတည်ပြုသိရှိထားရသလို သာသနာရေးဝန်ကြီး သူရဦးအောင်ကိုနဲ့ စာရေးဆရာ ထင်လင်းဦးတို့လည်း လွတ်မြောက်တဲ့အထဲပါတယ်လို့ ကြားသိထားရပါတယ်။
စစ်ကောင်စီက သူတို့ အာဏာသိမ်းပြီးတဲ့နောက်ပိုင်း ဖမ်းဆီးထားတဲ့လူတွေကို အခါကြီးရက်ကြီးနေ့တွေမှာ လွတ်ငြိမ်းခွင့်လုပ်ပေးနေတာ ၇ကြိမ်ရှိနေပါပြီ။
စစ်အာဏသိမ်းထားတဲ့ ၂ နှစ်တာကာလအတွင်း အကျဉ်းသား စုစုပေါင်း ၅၉၆၂၉ ဦးကို ပြန်လွှတ်ပေးထားတာပါ။ အဲဒီအထဲမှာ နိုင်ငံခြားသား ၂၃၉ ဦးပါဝင်ခဲ့ပါတယ်။
စစ်အာဏာရှင် အဖွဲ့အစည်းကလုပ်နေတဲ့အကြမ်း ဖက်မှုတွေကိုရပ်တန့်ဖို့၊မတရားဖမ်းဆီးထိန်းသိမ်းထားသူတွေကိုလွှတ်ပေးဖို့နဲ့ လူသားချင်းထောက် ထားမှုဆိုင်ရာအကူအညီတွေ အတားအဆီး မရှိပေး ခွင့်ပြုဖို့ လုပ်ရမယ်လို့ အမေရိကန် နိုင်ငံခြား ရေး ဝန်ကြီး အန်တိုနီဘလင်ကန်ကလည်း ဒီကနေ့မှာထုတ်ပြန်ထားပါတယ်။