သူ့ကို ခေါ်ယူချင်တဲ့ အသင်းတွေ အများကြီး ရှိခဲ့တယ်လို့ ဆော်ဒီရောက် ရော်နယ်လ်ဒို မှတ်ချက်ပေး

သူ့ကို ခေါ်ယူလိုတဲ့ ကလပ်အသင်းတွေ အများကြီး ရှိတဲ့အထဲကမှ အယ်လ်နက်ဆာကို ရွေးချယ်ခဲ့တာ ဖြစ်တယ်လို့ ခရစ္စတီယာနို ရော်နယ်လ်ဒိုက ပြောကြားခဲ့ပါတယ်။
မန်ချက်စတာ ယူနိုက်တက်နဲ့ စာချုပ် ဖျက်သိမ်းခဲ့တဲ့နောက် အသင်းလက်မဲ့ ဖြစ်နေတဲ့ ပေါ်တူဂီ တိုက်စစ်မှူးဟာ အခုအခါမှာ ဆော်ရီအာရေးဘီးယား ဘောလုံးကလပ် အယ်လ်နက်နာနဲ့ ၂ နှစ်စာချုပ် ချုပ်ဆိုလိုက်ပါတယ်။ အဲဒီအတွက် ရော်နယ်လ်ဒိုဟာ လုပ်ခလစာအဖြစ် တစ်နှစ်ကို စတာလင်ပေါင် ၁၇၃ သန်း ရရှိပြီး ကမ္ဘာပေါ်မှာ လုပ်ခလစာ အမြင့်ဆုံး အားကစားသမား ဖြစ်လာမယ်လို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။
အစောပိုင်းတုန်းက ရော်နယ်လ်ဒိုဟာ ဥရောပ ဘောလုံးလောကမှာ ဆက်လက် အခြေချနိုင်ဖို့ အားထုတ်ခဲ့ပေမယ့် သူ့ကို ခေါ်ယူမယ့် အသင်း မရှိခဲ့တာကြောင့် အရှေ့အလယ်ပိုင်းက ချမ်းသာကြွယ်ဝတဲ့ ကလပ်အသင်းဆီ ကူးပြောင်းသွားတာ ဖြစ်နိုင်ကြောင်း ထင်ကြေးတွေ ထွက်ပေါ်ခဲ့ပါတယ်။
ဒါပေမဲ့ ရော်နယ်လ်ဒိုကတော့ သူဟာ ခေါ်ယူချင်တဲ့ အသင်းတွေ အများကြီး ရှိတဲ့ထဲကမှ အယ်လ်နာဆာကို ရွေးချယ်ခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။
သူ့ကို စာချုပ် ခေါ်ယူနိုင်ရေးအတွက် ဥရောပက အသင်းတွေအပြင် ဘရာဇီး၊ ဩစတြေးလျ၊ အမေရိကန်နဲ့ မွေးရပ်နိုင်ငံ ပေါ်တူဂီ ကလပ်တွေကပါ ကြိုးပမ်းခဲ့ကြကြောင်း၊ သူ့ကို လိုချင်တဲ့အသင်း ဘယ်လောက်တောင် များခဲ့သလဲဆိုတာ လူတွေ မသိနိုင်ကြောင်း၊ ဒါပေမဲ့ သူဟာ အယ်လ်နက်ဆာနဲ့ပဲ စာချုပ်မယ်လို့ ကတိပြုခဲ့ကြောင်း ကစားသမားသစ် မိတ်ဆက်မှု သတင်းစာ ရှင်းလင်းပွဲမှာ ရော်နယ်လ်ဒိုက မှတ်ချက် ပေးသွားပါတယ်။
သူ့ရဲ့ ကစားသမားဘဝ ဖွံ့ဖြိုးရေးအတွက် အယ်လ်နက်ဆာက အခွင့်အလမ်းတစ်ခု ဖြစ်တဲ့အပြင် ဆော်ဒီကလည်း ထူးခြားလှပတဲ့ နိုင်ငံတစ်ခုဖြစ်ကြောင်း၊ သူဟာ ကိုယ့်ကိုယ်ကိုယ် ဘာကို လိုအပ်ပြီး ဘာကို မလိုချင်ဘူး ဆိုတာကို ကောင်းကောင်း နားလည်ထားသူဖြစ်ကြောင်း ရော်နယ်လ်ဒိုက ဆိုပါတယ်။
ရော်နယ်လ်ဒိုဟာ မျိုးဆက်တစ်ခုရဲ့ အကောင်းဆုံး ဘောလုံးသမားတစ်ဦး အနေနဲ့ ရပ်တည်နိုင်ခဲ့သူ တစ်ဦးဖြစ်ပြီး ကမ္ဘာ့ဖလား ပြိုင်ပွဲ မတိုင်ခင်ထိ အင်္ဂလန်ကလပ် ယူနိုက်တက်မှာ ကစားနေခဲ့ပါတယ်။ အဲဒီနောက် အခုလိုမျိုး ကမ္ဘာ့ဘောလုံးလောကမှာ မထင်မရှား အသင်းတစ်ခုနဲ့ စာချုပ်ခဲ့ခြင်းကြောင့် သူ့ရဲ့ ပရိသတ် တချို့ကို အံ့ဩ စိတ်ရှုပ်စေခဲ့ပါတယ်။