အလယ်လျိုရွာမှာစစ်တပ်ကသတ်ဖြတ်ခဲ့သူ ရှစ်ဦးမှာအသက်မပြည့်သေးသူတွေနဲ့ အမျိုးသမီးတွေလည်းပါဝင်

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် အလယ်လျိုကျေးရွာမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၈ ရက်နေ့က စစ်ကောင်စီစစ်ကြောင်းထိုးနေချိန် ပစ်ခတ်သတ်ဖြတ်ခံခဲ့ရတဲ့ ဒေသခံ ၈ဦးရဲ့ရုပ်အလောင်းတွေကို ခင်ဦးသတင်းမှန်ပြန်ကြားရေးက ဒီကနေ့ ဇန်နဝါရီ ၄ရက်မှာထုတ်ပြန်လာပါတယ်။
 
စစ်တပ်နဲ့ ပျူစောထီးတွေ အလယ်လျိူကျေးရွာကို စစ်ကြောင်းထိုးပစ်ခတ်ဝင်ရောက်လာပြီး ၅ရက်မြောက်နေ့မှာ ပစ်ခတ်သတ်ဖြတ်ထားတဲ့အလောင်း ၈လောင်းမှာ အသက် ၁၇ အရွယ်ကနေ အသက် ၆၅ နှစ်အတွင်းဒေသခံတွေဖြစ်သလို အမျိုးသမီး ၂ဦးလည်းပါဝင်ပါတယ်။
 
”အသတ်ခံရသူတွေထဲမှာ တမိသားစုထဲဥ ညီအကို ၃ယောက်လုံးအသတ်ခံရသူလည်းပါတယ်။ မိခင်ဖြစ်သူကတော့စကားပြောဖို့ တော်တော်ခက်နေတယ်”‘ လို့ ခင်ဦးသတင်းမှန်ပြန်ကြားရေးက တာဝန်ရှိသူက DNA ကိုပြောပါတယ်။
 
အလောင်းတွေကိုတော့ စစ်ကောင်စီတပ်တွေက မိုးကာလိပ်တွေနဲ့ မြေမြုပ်ပြီးဖျောက်ထားတာကို နယ်မြေရှင်းလင်းရေးဝင်ရောက်ရင်းတွေ့ခဲ့ရတာလို့ဆိုပါတယ်။
 
စစ်ကောင်စီနဲ့ ပျူစောထီးအင်အား ၄၀ လောက်အလယ်လျိူရွာမှာတပ်စွဲချိန်မှာ ခင်ဦးလမ်းဆုံအနီးမှာ စစ်ကောင်စီကင်းပုန်းရဲ့ပ်စခတ်မှုကြောင့် ခင်ဦးဒေသကာကွယ်ရေးတပ်ဖွဲ့ကရဲဘော်တဦးလည်း ကျဆုံးခဲ့တယ်လို့ ခင်ဦးသတင်းမှန်ပြန်ကြားရေးကဆက်ထုတ်ပြန်ထားပါတယ်။
 
ခင်ဦးမြို့နယ်မှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကျေးရွာပေါင်း ၅၉ ရွာကနေအိမ်ပေါင်း ၂၅၀၀ ကျော်မီးရှို့ဖျက်ဆီးခံထားရသလို ဒေသခံနဲ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ပေါင်း ၂၅၀ သတ်ဖြတ်ခံထားရတယ်လို့ ခင်ဦးသတင်းမှန်ပြန်ကြားရေးက အချက်အလက်စုဆောင်းထုတ်ပြန်ထားပါတယ်။