ပင်နယ်တီနှစ်လုံး မရလို့ စိတ်ပျက်မိကြောင်း အာဆင်နယ် မန်နေဂျာပြော

နယူးကာဆယ် ယူနိုက်တက်နဲ့ သရေကျခဲ့တဲ့ ပွဲစဉ်မှာ ရသင့်ရထိုက်တဲ့ ပင်နယ်တီတွေ မျက်ကွယ်ပြုခံရလို့ စိတ်ပျက်မိကြောင်း အာဆင်နယ် မန်နေဂျာ မစ်ကယ် အာတီတာက ပွင့်ပွင့်လင်းလင်း ထုတ်ပြောခဲ့ပါတယ်။
အင်္ဂလန် ပရီးမီးယားလိဂ်မှာ လက်ရှိ ချန်ပီယံ မန်ချက်စတာ စီးတီးကို ၇ မှတ်ဖြတ် ဦးဆောင်ထားပြီး နိုင်ပွဲဆက်နေတဲ့ အာဆင်နယ်ဟာ အိမ်ကွင်းမှာ နယူးကာဆယ်ကို ဂိုးမရှိ သရေကျသွားခဲ့တာ ဖြစ်ပါတယ်။ နှစ်သင်းစလုံးက ခပ်မာမာ ခပ်ကြမ်းကြမ်း ကစားခဲ့ကြတဲ့ပွဲမှာ ကွင်းလယ်ဒိုင် အန်ဒီ မက်ဒလေဟာ အဝါကတ် ၉ ကတ်ထိ ပြသခဲ့ရပါတယ်။
ဒီပွဲမှာ နယူးကာဆယ် အသင်းသားတွေဟာ ပင်နယ်တီ ဧရိယာထဲမှာ လက်ထိဘော ဖြစ်ခဲ့သလို အာဆင်နယ် ကစားသမား ဂေဘရီရယ်လ် မာဂယ်လ်ဟေးစ်ကိုလည်း ပင်နယ်တီ ဧရိယာထဲမှာ ဆွဲလှဲချခဲ့ပါတယ်။ ဒီအခြေအနေတွေမှာ ပင်နယ်တီ ရသင့်ပေမယ့် မျက်ကွယ်ပြု ခံခဲ့ရတယ်လို့ စပိန်သား မန်နေဂျာက ယူဆနေပါတယ်။
သူ့အနေနဲ့ အသင်းသားတွေအတွက် အထူးတလည် ဂုဏ်ယူကြောင်း၊ အာဆင်နယ်ဟာ ကစားပုံရော၊ ပွဲကို ထိန်းချုပ်ပုံပါ တကယ့်ကို ကောင်းမွန်ခဲ့ပေမယ့် ပြိုင်ဘက် ဂိုးဧရိယာ ထိပ်နားမှာတော့ အခွင့်အရေးတွေကို လက်လွှတ်မိခဲ့ကြောင်း၊ နောက်ပြီး လိပ်ပြာမသန့်စရာ ဖြစ်လောက်မယ့် ပင်နယ်တီ အခြေအနေနှစ်ခု ငြင်းပယ်ခံခဲ့ရကြောင်း အာတီတာက ဆိုပါတယ်။
ပင်နယ်တီတွေ မရခဲ့တာနဲ့ ပတ်သက်လို့ သတင်းထောက်တွေက ထပ်ဆင့် မေးမြန်းတဲ့အခါ အာဆင်နယ်ဟာ ပင်နယ်တီ တစ်လုံးတောင် မဟုတ်ဘဲ နှစ်လုံးထိ ဆုံးရှုံးခဲ့ရတာဖြစ်ကြောင်း၊ သူ့အနေနဲ့ ဒိုင်လူကြီးအကြောင်းကို ဘာမှ မပြောလိုပဲ အာဆင်နယ်က ရသင့်တဲ့ ပင်နယ်တီတွေ လက်လွှတ်ခဲ့ရတယ်ဆိုတဲ့ သူ့အမြင်ကိုသာ ပြောလိုကြောင်း အာတီတာက ဖြေကြားခဲ့ပါတယ်။
သူက အာဆင်နယ်ရဲ့ အဓိက တိုက်စစ်ကစားသမားတွေကို ပစ်မှတ်ထား ထိုးနှက်ခဲ့တဲ့ နယူးကာဆယ်ရဲ့ ပွဲအစီအမံကိုလည်း ဝေဖန်ခဲ့ပါသေးတယ်။ အခုပွဲမှာ မနိုင်ခဲ့ပေမယ့် ရှုံးနိမ့်သွားတာ မဟုတ်သလို ပေးဂိုးမရှိတဲ့ Clean sheetရလဒ်ကိုပါ ပိုင်ဆိုင်ခဲ့တဲ့ အတွက်တော့​ ကျေနပ်တယ်လို့လည်း အာတီတာက ဆက်ပြောသွားပါတယ်။