တော်လှန်ရေးအဖွဲ့တွေ လူမှန်နေရာမှန်ဖြစ်ရေး ပြန်သုံးသပ်ဖို့ သမ္မတဒူဝါလရှီးလ တိုက်တွန်း

စစ်အာဏာရှင်ဖြုတ်ချရေး လုပ်ဆောင်ရာမှာ အဖွဲ့အစည်းဆိုင်ရာ ကိစ္စတွေမှာ လူမှန်နေရာမှန်ဖြစ်ရေး အဓိကဦး စားပေး သုံးသပ်ကြဖို့ ယာယီ သမ္မတ ဒူဝါလရှီးလက တိုက်တွန်းလိုက်ပါတယ်။

“အတိတ်သမိုင်းကြောင်းကို ကြည့်ရင် လူနဲ့မူ ပြဿနာဟာ ကြီးကြီးမားမား ရှိခဲ့တယ်ဆိုတာကို တွေ့ရပါတယ်၊ အ ထူးသဖြင့် စစ်အစိုးရခေတ် တစ်လျှောက်လုံးမှာ လူနဲ့မူဟာ တခြားစီဖြစ်ခဲ့တယ်၊ “လူကို ချစ်လျှင် မူကိုပစ်တယ်” “လူကိုမုန်းလျှင် မူကိုသုံးတယ်” ဆိုတဲ့စကားတောင်ရှိခဲ့ပါတယ်၊အသွင်ကူးပြောင်းရေးကာလကို ဖြတ်သန်းခဲ့ စဉ်တုန်းကလည်း လူနဲ့မူပြဿနာကို အပြီးသတ်ဖြေရှင်းလို့ မရခဲ့တာကို တွေ့ရပါတယ်”လို့ သူကပြောပါတယ်။

အဲ့ဒီအချက်ကို လက်ရှိကာလမှာ သင်ခန်းစာယူဖို့လိုတယ်လို့လည်း ဒီကနေ့ ဇန်နဝါရီ (၃)ရက် မှာ ပြုလုပ်တဲ့ အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့ အစည်းအဝေးမှာ ယာယီသမ္မတကပြောပါတယ်။

နွေဦး တော်လှန်ရေး စတင်တဲ့ ကာလတွေမှာ အခြေအနေအရ ယုံကြည်ရသူတွေနဲ့ ဖွဲ့စည်းစုဖွဲ့ရတဲ့ ကာလ တွေ ရှိခဲ့ပြီး လက်ရှိ အချိန် မှာတော့ တော်လှန်ရေးလှိုင်းတွေကို မြှင့်တင်လာနိုင်ပြီဖြစ်သလို အရင်လို အခြေအ နေမျိုးမဟုတ်တော့ဘူးလို့လည်း သူကထောက်ပြပါတယ်။

တော်လှန်ရေး လုပ်ငန်းတွေနဲ့ အစိုးရအဖွဲ့ လုပ်ငန်းစဉ်တွေ ထိရောက်ပီပြင်ရေးဟာ NUG အစိုးရအဖွဲ့ ခေါင်း ဆောင် အားလုံးရဲ့ စီမံခန်ြခွဲမှု အရည်အချင်းအပေါ် မူတည်နေပြီး ရှိထားတဲ့ အရင်းအမြစ်တွေကို တော်လှန်ရေး အရွေ့တခု ဖြစ်အောင် အလေအလွင့်မရှိ စီမံခန့်ခွဲနိုင်ဖို့လည်း အရေးကြီးတယ်လို့ ယာယီ သမ္မတကပြောပါတယ်။

“ကျွန်တော်တို့ အစိုးရအဖွဲ့ဝင် ခေါင်းဆောင်တွေအားလုံးဟာ အပြောနဲ့အလုပ်ညီအောင် ပြုမူကျင့်ကြံ ကြိုးစားကြ ဖို့ အထူးတိုက်တွန်းလိုပါတယ်၊ ၂၀၂၃ ခုနှစ်မှာလည်း ယခင် နှစ်ဟောင်းကဲ့သို့ အလုပ်နဲ့ သက်သေပြပါလို့ နှိုးဆော် ချင်ပါတယ်”လို့ သူကဆက်ပြောပါတယ်။

ဒါ့အပြင် ငွေကြေးသုံးစွဲမှုတွေကိုလည်း အမှန်တကယ်လိုအပ်တဲ့နေရာမှာ အလေအလွင့်မရှိအောင်သုံးစွဲတတ်ဖို့၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးရဲ့ စစ်ဆေးမှုကို တိတိကျကျခံယူဖို့နဲ့ ငွေကြေးသုံးစွဲမှုဆိုင်ရာ လမ်းညွှန်ချက်တွေ ကို တိတိကျကျလိုက်နာဖို့လည်း ယာယီသမ္မတ ဒူဝါလရှီးလက တိုက်တွန်းခဲ့ပါတယ်။