မန္တလေး သံဃသမဂ္ဂရဲ့ ဦးဆောင်ဆရာတော်တပါးကို စစ်ကောင်စီက ဖမ်းဆီး

မန္တလေးမြို့မှာ စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ပြုလုပ်နေတဲ့ သံဃသမဂ္ဂ (မန္တလေး) ရဲ့ ဦးဆောင်ဆရာတော်တပါးကို ဒီကနေ့ ဇန်နဝါရီ ၃ ရက်နေ့မှာ စစ်ကောင်စီက ဖမ်းဆီးသွားတယ်လို့ ဆရာတော်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

သံဃသမဂ္ဂ (မန္တလေး) က ဆရာတော် ဦးအာစာရ (သပိတ်ခင်) ကို မန္တလေးတောင်ခြေအနီးရှိ ကျောက်တော်ကြီးဘုရား အနားမှာ စစ်တပ်က ဖမ်းဆီးလိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။

” အရမ်းအလုပ်လုပ်တဲ့ ဆရာတော်ပါ။ ဆရာတော်က စာဝါလိုက်စားနေတဲ့ ကိုယ်တော်ဆိုတော့ ရှောင်နေတဲ့ နေရာကနေ မြို့ထဲပြန်ဝင်လာတယ် ထင်ပါတယ် ” လို့ ဆရာတော်နဲ့နီးစပ်သူက DNA ကိုပြောပါတယ်။

ဆရာတော်က စစ်တပ်အာဏသိမ်းပြီးနောက် မြေပြင်သပိတ်တွေမှာ တက်တက်ကြွကြွနဲ့ ဦးဆောင်ပါဝင်ခဲ့သူဖြစ်ပြီး စစ်ကောင်စီက ပုဒ်မ ၅၀၅ (က) နဲ့ ဖမ်းဝရမ်းထုတ်တာခံထားရသူလို့လည်း ဆက်သိရပါတယ်။

အခုလို ဖမ်းဆီးခံလိုက်ရတာဟာ မြေပြင်သပိတ်တွေအတွက် ဆုံးရှုံးနစ်နာမှုတခုဖြစ်သလို ဆရာတော်နဲ့ နီးစပ်သူတွေကို ရှောင်ကြဖို့ကိုလည်း သပိတ်အင်အားစုတွေက တိုက်တွန်းထားပါတယ်။

စစ်ကောင်စီက ပြီးခဲ့တဲ့ အောက်တိုဘာ (၃၀) ရက်ကလည်း သံဃသမဂ္ဂ (မန္တလေး) ဦးဆောင်ဆရာတော် တစ်ပါးဖြစ်တဲ့ ဦးကလျာဏ (ခ) ဦးယောကြီးကို ဖမ်းဆီးခဲ့ပါတယ်။ ဆရာတော်နဲ့အတူ မန္တလေး သပိတ်အင်အားစုက သပိတ်တက်ကြွလှုပ်ရှားသူတွေဖြစ်တဲ့ ကိုပိုင်နွေဦး၊ ကိုဥက် (ခ) ကိုကောင်းခန့်ဇော်၊ ကိုနေရဲ၊ ကိုဟိန်းမောင်တို့ ဖမ်းဆီးခံခဲ့ရပါသေးတယ်။

စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး မြေပြင်သပိတ်တွေနဲ့ သံဃသပိတ်တွေ အားကောင်းတဲ့ မန္တလေးမြို့မှာဆိုရင် စစ်ကောင်စီတပ်တွေဟာ သပိတ်မှာပါဝင်တဲ့ သံဃာတော်တွေကို ကားနဲ့တိုက်ဖမ်းဆီးတာတွေနဲ့ ဖမ်းဆီးပြီးနောက် လူဝတ်လဲရိုက်နှက်တာတွေကို လုပ်ခဲ့တယ်လို့လည်း သပိတ်အဖွဲ့တွေက ထုတ်ပြန်ခဲ့ဖူးပါတယ်။