တိုက်ပွဲပြင်းထန်ခဲ့တဲ့ နမ့်ဆန်၊ ကုန်းသာရွာက စစ်ရှောင်တွေ နေရပ်မပြန်နိုင်သေး

စစ်တပ်နဲ့စစ်တပ်နဲ့ တအာင်းလွတ်မြောက်ရေးတပ်မတော် (TNLA)တို့ ဒီဇင်ဘာလအတွင်းဖြစ်ခဲ့တဲ့ တပတ်ကြာ တိုက်ပွဲအတွင်း နမ့်ဆန်မြို့၊ကုန်းသာရွာဟာ ရွာလုံးကျွတ် နေအိမ်တွေ ထိခိုက်ပျက်စီးသွားတဲ့အတွက် အဲ့ဒီရွာကစစ်ရှောင်တွေလက်ရှိအချိန်အထိနေရပ်မပြန်နိုင်သေးဘဲ အကူအညီတွေလိုအပ်နေကြတယ်လို့သိရပါတယ်။

ဇရံကြီးဘုန်းကြီးကျောင်းမှာ ကုန်းသာရွာကပဲ ကျန်တော့တယ်၊တရွာလုံးနီးပါး ပျက်စီးနေတော့ နေရာပြန်လည်ချထားဖို့ အဆင်သင့် မဖြစ်သေးလို့ပါ၊ ဒါပေမယ့် ရွာက ပြန်လည်တည်ဆောက်ရေးအဆင့် ရောက်နေပြီဆိုတော့ အိမ်ဆောက်ပစ္စည်းတွေနဲ့ ဘုန်းကြီးကျောင်း ပြန်လည်တက်ဆောက်ဖို့ တော်တော်လေးကို အကူအညီ လိုအပ်ပါတယ် လို့ စစ်ရှောင်စခန်းတာဝန်ရှိသူတဦးက ပြောပါတယ်။

ကုန်းသာရွာကအဆောက်အအုံအများစုဟာနေထိုင်လို့ မရအောင် ပျက်စီးနေတဲ့အတွက် သက်ကြီးရွယ်အို၊ကလေးငယ်နဲ့ အမျိုးသမီး (၉၅) ဦးဟာ လက်ရှိအချိန်အထိ ဇရံကြီးရွာ ဘုန်းကြီးကျောင်းမှာ ဆက် လက်နေထိုင်နေရဆဲဖြစ်ပြီး ကုန်းသာရွာကို ပြန်နေသူတွေမှာလည်း ထိခိုက်ပျက်စီးနေတဲ့ အိမ်တွေမှာ အခက်အခဲတွေနဲ့ စုပေါင်းနေထိုင်နေရတယ်လို့ စစ်ရှောင်ကူညီသူတွေက ပြောပါတယ်။

တိုက်ပွဲကာလအတွင်း စစ်တပ်က ခြေကုပ်စခန်းအဖြစ် အသုံးပြုခဲ့တဲ့ ကုန်းသာရွာ ဘုန်းတော်ကြီးကျောင်းလည်းပျက်စီးသွားတဲ့အတွက် နေထိုင်လို့ရတဲ့ ဗုံးဒဏ်သင့် အိမ်တစ်လုံးကို ဘုန်းကြီးကျောင်းအဖြစ်ယာယီအသုံးပြုခွင့် ပေးထားပြီး သံဃာငါးပါးသီတင်းသုံးနေတယ်လို့ သိရပါတယ်။

ဘုန်းကြီးကျောင်းပျက်စီးသွားတာကတော့ ဘုရားလည်း ကျည်ဆန်တွေ ထိထားတယ်၊ အဆောက် အအုံတွေလည်း ဗုံးထိနဲ့ ပျက်စီးသွားတော့ ဦးဇင်းတို့က နေလို့ မရတော့ဘူးလေ၊ပျက်စီးသွားတာက တော့ ရစရာလည်း မရှိဘူး၊ ပြောလို့လည်း မကုန်ဘူး၊ စောင်၊ အိုးခွက်ပန်ကန်းနဲ့ ကျောင်းက အသုံး အဆောင် ပစ္စည်းတွေ အကုန် ပျက်စီးသွားတာပါ၊ ခုက အိမ်တစ်အိမ်ကို ဘုန်းကြီးတွေ နေဖို့ ပေးထားတယ်၊အပေါ်က သက်ကယ်တွေကတော့ ဗုံးထိထားတော့ အပေါက်တွေနဲ့ လို့ရွာခံသံဃာတပါးက မိန့်ပါတယ်။

ကုန်းသာရွာအနီးတိုက်ပွဲမှာ စစ်တပ်က Mi-17၊ Mi-35 တိုက်လေယာဉ်တွေ၊ ၁၂၀ မမ လက်နက်ကြီးတွေနဲ့ ပစ်ကူတိုက်ခိုက်ခဲ့သလို ပေါင် ၅၀၀ ဗုံးတွေနဲ့ပါ တိုက်ခိုက်ခဲ့တာကြောင့် ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းတွေအပါအဝင် အိမ်ခြေ (၆၀) နီးပါးမှာ ရှိတဲ့ ရွာဟာ လုံးဝပျက်စီးသွားတယ်လို့ ရွာခံတွေကပြောပါတယ်။

ကုန်းသာရွာပြန်လည်တည်ဆောက်ရေးအတွက် တအာင်းလွတ်မြောက်ရေးတပ်မတော်က စစ်ဘေးသင့် ပြည်သူတွေ ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို ကူညီဆောင်ရွက်ပေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တပတ်ကြာတိုက်ပွဲအပြီး ရက်ပိုင်းအကြာမှာတအာင်း တပ်မတော်က ထိပ်ပိုင်းခေါင်းဆောင်တချို့လည်း ကုန်းသာရွာထိခိုက်ပျက်စီးမှုအခြေအနေကို ကွင်းဆင်းစစ်ဆေးခဲ့ပါသေးတယ်။

ဒါ့အပြင် စစ်ကောင်စီဘက်ကိုလည်း ကုန်းသာရွာပျက်စီးသွားမှုနဲ့ ပတ်သက်လို့ ပြန်လည်တည် ဆောက်ရေး လုပ်ငန်းတွေ လုပ်ပေးဖို့ ဒေသခံတွေနဲ့ မြို့မိမြို့တွေက တောင်းဆိုထားတယ်လို့ သိရပါတယ်။

တအာင်းဒေသတွင်းမှာ အရင်ကတည်းက တိုက်ပွဲတွေကြောင့်လည်း စစ်ဘေးရှောင်ပြည်သူ လေးထောင်လောက် အကူအညီမဲ့ပြီး အခက်အခဲတွေနဲ့ရင်ဆိုင်နေရတယ်လို့ TNLA သတင်းပြန်ကြားရေးဌာနက ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီက လေကြောင်းချီတပ်တွေအသုံးပြုပြီး TNLA နယ်မြေထဲ ထိုးစစ်ဆင်ခဲ့တဲ့ အဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က အကျအဆုံးများပြီး ဆုတ်ခွာခဲ့ရတာပါ။ဒါပေမယ့် အဲ့ဒီတိုက်ပွဲဟာ TNLA ကိုတိုက် ခိုက်လိုတာမဟုတ်ဘဲ NUG ၊ PDF တွေရဲ့ လက်နက်ဂိုထောင်ကို သွားရောက်စီးနင်းတာဖြစ်ပြီး လက်နက်တွေလည်းသိမ်းဆည်းနိုင်ခဲ့တယ်လို့ စစ်ကောင်စီက ဝါဒဖြန့် ထုတ်ပြန်ခဲ့ပါသေးတယ်။