ကဗျာဆရာ နှစ်ယောက်က ကျေးဇူးပြုတဲ့ နွေဦးမဟာမိတ်ဆက်ဆံရေး

〓 ကဗျာဆရာ နှစ်ယောက်ရဲ့ ပေးစာ ပြန်စာ။

ကဗျာဆရာနှစ်ယောက်လို့ ပြောရင် ဘယ်သူ့ကို သွားမြင်ကြပါသလဲ။ တစ်ယောက်က စစ်ရေးခေါင်းဆောင်တစ်ယောက် ဖြစ်တယ်။ တစ်ယောက်ကတော့ နိုင်ငံရေးခေါင်းဆောင်တစ်ယောက်ဖြစ်တယ်။

■ ညိုထွန်းအောင်။

သူ့ကို တချို့က ဒေါက်တာညို – လို့ခေါ်ကြတယ်။ နာမည်အပြည့်အစုံက ညိုထွန်းအောင်။ ရက္ခိုင့်အမျိုးသားတော်လှန်ရေးရဲ့ စစ်ရေးခေါင်းဆောင်တစ်ယောက်။ အခု ရက္ခိုင်အမျိုးသားနိုင်ငံရေးရဲ့ တာဝန်တွေကိုပါ ပူးတွဲတာဝန်ယူထားသူ။ ရက္ခိုင့်တပ်တော် (အေအေ) ရဲ့ ဒု – စစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်။ ဒေါက်တာ ညိုထွန်းအောင်ဟာ – ဆရာဝန် တစ်ယောက်ဖြစ်သလို၊ ကဗျာသမား စာသမားတစ်ယောက်လည်းဖြစ်တယ်။ သူဟာ ကဗျာတွေ ရေးတယ်။ ထို့နောက်စာအုပ်တွေကို ချစ်တယ်။ စာအုပ်တွေကို ချစ်လို့ စာအုပ်တွေထဲက ဇာတ်ကောင်​တွေက သူ့ကို ဖမ်းစားဟန် ရှိတယ်။ ဒါ့ကြောင့် – သူ့နာမည်ကိုက ညိုထွန်းအောင် … တဲ့။ ညိုထွန်းဆိုတဲ့ နာမည်ကို မြန်မာလူ့အဖွဲ့အစည်းမှာ ရင်းနှီးကျွမ်းဝင်ပြီးသား ဖြစ်မှာပါ။ ညိုထွန်းဆိုတာ သိန်းဖေမြင့် ရဲ့ နာမည်ကျော် စာအုပ်တစ်အုပ်ဖြစ်တဲ့ သပိတ်မှောက်ကျောင်းသား ဝတ္ထုထဲက ဇာတ်ကောင်။ ညိုထွန်း။ တော်လှန်သောစိတ်အားကြီးသော ညိုထွန်း။ ဒေါက်တာညိုထွန်းအောင်ကတော့ — တော်လှန်သောဆရာဝန်။ ရက္ခိုင့်လွတ်မြောက်ရေးအတွက် တော်လှန်သောစိတ်အားကြီးတဲ့ ညိုထွန်းအောင်။

ဒေါက်တာညိုထွန်းအောင်ရဲ့ နာမည်အရင်းက ဇော်မျိုးသက်။ ဒေါက်တာဇော်မျိုးသက်။ ရန်ကုန် ဆေး (၂) ကျောင်းဆင်း။ ဆရာဝန်ဘဝမှာပဲ ရက္ခိုင့်တော်လှန်ရေးလမ်းကြောင်းထဲ ပြောင်းဝင် လျှောက်လှမ်းသွားသူ။ ရက္ခိုင်တစ်မျိုးသားလုံးလွတ်မြောက်ရေးအတွက် သူ့ဘဝနဲ့ ခန္ဓာကို အပ်နှံထားသူ။ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ် (ULA) ရဲ့ အထွေထွေအတွင်းရေးမှူးချုပ် ဒေါက်တာညိုထွန်းအောင်။

နောက် ကဗျာဆရာတစ်ယောက်ကတော့ မင်းကိုနိုင်။

■ မင်းကိုနိုင်။

မင်းကိုနိုင်ရဲ့ နာမည် အရင်းက ပေါ်ဦးထွန်း။ ကဗျာသမား စာသမား။ ထို့နောက် ပန်းချီဆရာ။

မင်းကိုနိုင်ဟာ နိုင်ငံရေးခေါင်းဆောင်၊ လူထုခေါင်းဆောင်တစ်ယောက်ဖြစ်သလို ၁၉၈၈ ခုနှစ် လူထုဒီမိုကရေစီအရေးတော်ပုံကာလအတွင်းက ကျောင်းသားခေါင်းဆောင်ဟောင်း တစ်ယောက်ဖြစ်ပါတယ်။ မြန်မာ့ဒီမိုကရေစီရေးအတွက် တစိုက်မတ်မတ် တော်လှန်သောလမ်းကြောင်းထဲမှာ အစဉ်အမြဲ ရပ်တည်လျှောက်လှမ်းနေသူ။ မင်းကိုနိုင်ဟာ မြန်မာ့နွေဦးတော်လှန်ရေးမှာ — လူထုခေါင်းဆောင်၊ နိုင်ငံရေးခေါင်းဆောင်တစ်ယောက်အဖြစ် လူထုရဲ့ စိတ်ကို တိမ်းညွှတ်ချက် ကြီးမြင့်အောင် ပုံဖော်ပေးနေသူ။ ထို့နောက် မဟာမိတ်စစ်ရေးတပ်ပေါင်းစု အားကောင်းမောင်းသန်နဲ့ ပေါ်ထွက်အောင် မဟာမိတ်ဆက်ဆံရေးမှာ အဓိက ပုံဖော်ထုစစ်နေသူ။ မြန်မာ့ဒီမိုကရေစီရေး ပုံကားချပ်ကို ရောင်စုံအလှတွေနဲ့ နေရာကျအောင် ခြယ်မှုန်းနေတဲ့ တော်လှန်သော ပန်းချီဆရာ။ လူထုတော်လှန်ရေးအတွက် လှုံ့ဆော်အားကြီးသော ကဗျာဆရာ၊ မင်းကိုနိုင်။

■ သူတို့ နှစ်ယောက်။

ဒေါက်တာညိုထွန်းအောင်ဟာ — သူပုန်ဖြူဆိုတဲ့ ကလောင်နာမည်နဲ့ “လာမယ့်နွေဦးဟာ ငါတို့အောင်ပွဲ” ဆိုတဲ့ ကဗျာကို ရေးခဲ့ပါတယ်။ ဒီကဗျာကို အကြောင်းပြုပြီး ကိုမင်းကိုနိုင်က ပေးစာ တစ်စောင် ရေးခဲ့ပါတယ်။ ဒီပေးစာကို အကြောင်းပြုပြီး ဒေါက်တာညိုထွန်းအောင်က သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ ကိုမင်းကိုနိုင်ကို ပြန်စာ ရေးခဲ့ပါတယ်။ ဒေါက်တာညိုထွန်းအောင်ဟာ ကဗျာဆရာတစ်ယောက်အနေနဲ့ နွေဦးမဟာမိတ်တပ်ပေါင်းစုကို ကျေးဇူးပြုခဲ့တာ တွေ့ရပါတယ်။ ဒေါက်တာညိုထွန်းအောင်ဟာ နွေဦးကဗျာနဲ့အတူ သူ့ရဲ့ စာလွှာစကားကို ကိုမင်းကိုနိုင်ကနေ တစ်ဆင့် လူထုထံ အရောက်ပို့လွှတ်ခဲ့တယ်။ ဒီပြန်စာထဲက ကောက်နုတ်ချက် တချို့ကို အနက်ဖော်ချင်တယ်။

ကျနော်တို့ ULA/AA အဖွဲ့အစည်းအပါအဝင် စစ်ကောင်စီနှင့်တိုက်ပွဲဖြစ်နေကြတဲ့ ERO (EAO) အဖွဲ့အစည်းတွေဟာ စစ်ကောင်စီက အာဏာသိမ်းပြီးတဲ့နောက်ဖြစ်ပေါ်လာတဲ့ နွေဦးတော်လှန်ရေးကို ဘေးက လက်ပိုက်ရပ်ကြည့်နေကြတဲ့သူတွေ မဟုတ်ခဲ့ကြပါဘူး။ ကိုယ့်နည်းကိုယ်ဟန်၊ ကိုယ့်အဖွဲ့အစည်းရပ်တည်ချက်၊ မူဝါဒ၊ လမ်းစဉ်တွေကို ကိုယ့်ပြည်သူလူထု လိုလားချက်၊ မျှော်မှန်းချက်ကို အခြေခံပြီး ပုံစံတစ်မျိုးမျိုးနှင့် တော်လှန်ရေးပရဝဏ်ထဲမှာ တိုက်ရိုက် (သို့မဟုတ်) သွယ်ဝိုက် ပါဝင်နေကြသူတွေချည်းပါပဲ။ ရက္ခိုင့် တပ်တော် (၁၃) နှစ်မြောက် တပ်တော်မွေးနေ့သို့ ပေးပို့ခဲ့ကြတဲ့ ဂုဏ်ပြုသဝဏ်လွှာတွေကို ကြည့်ရင် ကောင်းစွာသိနိုင်ပါတယ်။ (ဒေါက်တာညိုထွန်းအောင်၊ ရက္ခိုင့်တပ်တော် ဒု-ဦးစီးချုပ်၊ ၂၀၂၃ ဇန်နဝါရီ ၁)

ဒေါက်တာညိုထွန်းအောင်ဟာ – ရက္ခိုင့်တပ်တော်ဟာ စစ်အာဏာရှင်ကို တော်လှန်ဖြုတ်ချတဲ့ နွေဦးတော်လှန်ရေးကို လက်ပိုက်ရပ်ကြည့်နေသူတွေ မဟုတ်ဘူးဆိုတာကို ရဲဝံ့စွာ ပြောခဲ့ပါတယ်။ ရက္ခိုင့်တော်လှန်ရေးနဲ့ နွေဦးတော်လှန်ရေးရဲ့ ဆက်ထုံးဟာ — ဒီဝန်ခံချက်နဲ့အတူ ပီပီပြင်ပြင် ဖြစ်လာတယ်ဆိုတာ လူထုက သိနားလည်လိုက်ရပါတယ်။ ရက္ခိုင့်တော်လှန်ရေးနဲ့ နွေဦးတော်လှန်ရေးဟာ တိုက်ရိုက်ဆက်စပ်နေသလို၊ သွယ်ဝိုက်၍လည်း ဆက်စပ်နေကြောင်း သိသာထင်ရှားနေပါတယ်။ ရက္ခိုင့်တပ်တော်မွေးနေ့အတွက် ပေးပို့တဲ့ သဝဏ်လွှာတွေကို ကြည့်ခြင်းအားဖြင့် နွေဦးတော်လှန်ရေးအင်အားစုတွေနဲ့ ရက္ခိုင့်တပ်တော်အကြား ဆက်ဆံရေးနဲ့ ထိတွေ့ပေါင်းစုမှုကို သတိထားနိုင်မယ် ထင်တယ်။

ကျနော်တို့ဟာ ဒီနိုင်ငံထဲမှာ ကျနော်တို့ရဲ့ တော်လှန်ရေး၊ နွေဦးတော်လှန်ရေး မအောင်မြင်မချင်း တော်လှန်ရေးထဲမှာ Anonymous ပုံစံမျိုးနှင့် တော်လှန်ရေးရဲ့ အမှန်တကယ် လိုအပ်တဲ့နေရာက ရှိနေမှာပါ။ ဘာလို့ဆို ကျနော်တို့တော်လှန်ရေးဟာလည်း လမ်းခုလတ်ထဲမှာပဲ ရှိနေသေးတာမို့ပါ။ (ဒေါက်တာညိုထွန်းအောင်၊ ရက္ခိုင့်တပ်တော် ဒု-ဦးစီးချုပ်၊ ၂၀၂၃ ဇန်နဝါရီ ၁)

ဒေါက်တာညိုထွန်းအောင် ရေးတဲ့ ပြန်စာထဲမှာ anonymous ပုံစံမျိုးနဲ့ ဆိုတဲ့ စကားပါပါတယ်။ ထို့နောက် အမှန်တကယ်လိုအပ်တဲ့နေရာမှာ ရှိနေမယ်ဆိုတဲ့စကားကိုလည်း သတိချပ်ပါ။ လက်နက်ကိုင်လမ်းစဉ်မှာ အမှန်တကယ် လိုအပ်တာ ဘယ်နေရာဖြစ်မှာလဲ။ များများစားစား တွေးရန် မလိုပါ။ အဖြေက ပေါ်ပြီးဖြစ်ပါတယ်။ မဟာမိတ်ဆက်ဆံရေးမှာ – အဓိကက စစ်ရေးအထောက်အပံ့ ဖြစ်ပါတယ်။ အဲသည့်အတွက် နွေဦးတော်လှန်ရေးရဲ့ အဓိက မဟာအင်အားစုအတွက် ရက္ခိုင့်တပ်တော်က တည်ရှိနေကြောင်း သိသာထင်ရှားပါတယ်။ သို့သော်လည်း နွေဦးတော်လှန်ရေးအင်အားစုတွေနဲ့ ရက္ခိုင့်တော်လှန်ရေးဟာ ဆက်စပ်ဖြစ်တည်နေကြောင်း သက်သေပြဖို့အတွက် မဟာမိတ်ဆက်ဆံရေးဆက်ထုံးကို အစဉ်တစိုက်မြဲမြံအောင် တည်ဆောက်ရမယ်ဆိုတာ သတိချပ်သင့်တယ်။

ကျနော်တို့ဟာ တော်လှန်ရေးတာဝန်ကို ဆယ့်သုံးနှစ်ခန့် တစိုက်မတ်မတ် အားခွန်သွန်စိုက်ကြိုးပမ်းဆောင်ရွက်နေကြပြီး တော်လှန် ရေးဟာ ဘဝ၊ တော်လှန်ရေးဟာ အသက်ဆိုတဲ့ ခံယူချက်မျိုးနှင့် ကျနော်တို့လူမျိုးတွေရဲ့ အမျိုးသားရေးဆိုင်ရာ နစ်နာချက်၊ ရပိုင်ခွင့် တွေအတွက် တိုက်ပွဲနေကြတဲ့သူတွေမို့ နွေဦးတော်လှန်ရေးအတွက် တိုက်ပွဲဝင်နေကြတဲ့သူတွေ အကြားမှာ ဒီအချက်တွေဟာ တူညီနေသလို ကျနော်တို့ တော်လှန်ရေးသမား၊ အဖွဲ့အစည်းအချင်းချင်း အကြားမှာ ပေါင်းစပ်၊ ပေါင်းကူ၊ ပေါင်းစု၊ ပေါင်းလုပ်၊ ပေါင်းတိုက် လို့ရတဲ့ ဘုံစုရပ် ဆုံမှတ်တွေရှိပြီးသားပါ။ ကျနော်တို့ဟာ အဲ့နေရာတွေမှာ အမြဲရှိနေပါတယ်။ ဘယ်အချိန်မဆို လာရှာလို့ ရပါတယ်။ (ဒေါက်တာညိုထွန်းအောင်၊ ရက္ခိုင့်တပ်တော် ဒု-ဦးစီးချုပ်၊ ၂၀၂၃ ဇန်နဝါရီ ၁)

ဒေါက်တာညိုထွန်းအောင်ဟာ — လက်ရှိနွေဦးတော်လှန်ရေးမှာ တိုက်ပွဲဝင်နေတဲ့သူနဲ့ ရက္ခိုင်တွေရဲ့ အမျိုးသားရေးဆိုင်ရာ နစ်နာချက်တွေ ရပိုင်ခွင့်တွေအတွက် တိုက်ပွဲဝင်နေတဲ့ ရက္ခိုင်လူမျိုးတွေဟာ ဘုံတူညီချက်တွေ ရှိနေတယ်လို့ ဝန်ခံပါတယ်။ ဒါ့ကြောင့် ဘုံရည်မှန်းချက်တူမျှတာကြောင့် တစ်ဦးချင်းသော်လည်းကောင်း အဖွဲ့အစည်းအချင်းချင်းသော်လည်းကောင်း ပေါင်းစပ်၊ ပေါင်းကူ၊ ပေါင်းစု၊ ပေါင်းလုပ်၊ ပေါင်းတိုက်ကြဖို့ ဘုံစုရပ် ရှိထားပြီးပြီလို့ တိတိကျကျ ပြောပါတယ်။ ဒီဘုံစုရပ်မှာ ရက္ခိုင်တော်လှန်ရေးခေါင်းဆောင်​တွေ ရှိနေသလို၊ ဘယ်အချိန်မဆို လာရှာလို့ ရကြောင်း ပြန်စာမှာ သတင်းစကားပါးထားတာတွေ့ရပါတယ်။

■ မင်းကိုနိုင်ရဲ့ တော်လှန်သောအလှ

ကိုမင်းကိုနိုင်ဟာ — ဒေါက်တာညိုထွန်းအောင်ရဲ့ ကဗျာကို အခုလို ခပ်လှလှလေး တုံ့ပြန်တာတွေ့ရပါတယ်။ စိတ်ထဲမှာတော့ လှလိုက်တာ၊ ယဉ်လိုက်တာလို့ စိတ်ထဲ တဖွဖွ ပြောနေမိတယ်။

စစ်ဖိနပ်နဲ့အကန်ခံရ၊ နင်းခံရတာချင်းတူတူ … ဘယ်နံရိုးထိထိအားလုံးနာကျင်ရတာပါပဲ။ ဒီရင်အုံတခုတည်းအောက်အတူရှိပြီးနီးလျက်နဲ့ဝေးသလိုတော့ဘယ်ဖြစ်ပါ့မလဲ။ (မင်းကိုနိုင်၊ ၂၀၂၃ ဇန်နဝါရီ ၁)

ကိုမင်းကိုနိုင်ဟာ အနုပညာစိတ်နဲ့ တော်လှန်ရေးလုပ်တဲ့သူ။ တော်လှန်ရေးစိတ်မှာ အနုပညာဓာတ်ခံ ထည့်ထားတဲ့သူ။ ဒါ့ကြောင့် မင်းကိုနိုင်ရဲ့ အနုပညာစိတ်ဟာ ပြင်းရှထက်သန်တယ်။ ထို့နောက် သူ့တော်လှန်ရေးဟာ လှပသိမ်မွေ့တယ်။ နိုင်ငံရေးပဲ ဖြစ်ဖြစ်၊ စစ်ရေးကိစ္စပဲဖြစ်ဖြစ် နှလုံးသားချင်း ဆွဲညှိတဲ့သူတွေဟာ ငြိကြတာ ထုံးစံပါပဲ။ ဘာလို့လဲဆိုတော့ ကဗျာဆရာတွေရဲ့ နှလုံးသားက ကျယ်ပြန့် သိမ်မွေ့တာကိုး။ မင်းကိုနိုင်နဲ့ ဒေါက်တာညိုထွန်းအောင်တို့ဟာ ကဗျာဆရာတို့ရဲ့ နှလုံးသားအချင်းချင်း ကဗျာလှိုင်းတွေနဲ့ နီးကပ်ခွင့်ရတယ် ထင်ပါရဲ့….။

နောက်ဆုံးအနေနဲ့ ကိုမင်းကိုနိုင်က – “အားလုံးသံပြိုင်ဆိုမယ့်တေး နာမည်ရွေးစေချင်ပါသေးတယ်” လို့ ပြောပြီး နိဂုံးချုပ်လိုက်ပါတယ်။ မီးပွင့်အောင် ခတ်မယ့် ပွဲမှာ — ရက္ခိုင်တော်လှန်ရေးနဲ့ နွေဦးတော်လှန်ရေးတို့ timing တိုက်ထားကြပြီဆိုတာ သိသာထင်ရှားလွန်းနေပါတယ်။

မင်းသေ့

နေ့လယ် ၃း၁၅

၂ – ဇန်နဝါရီ – ၂၀၂၃