ပြည်ခိုင်ဖြိုးပါတီက ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမှု စလုပ်နေ

အခုနှစ်အတွင်း ကျင်းပမယ်လို့ စစ်ကောင်စီက ထုတ်ဖော်ပြောဆိုထားတဲ့ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးတာတွေကို ပြည်ခိုင်ဖြိုးပါတီက စတင်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလကစလို့ ဧရာဝတီတိုင်းက ပုသိမ်နဲ့ မအူပင်ခရိုင်တွေမှာ မြို့နယ်၊ကျေးရွာအလိုက် စည်းရုံးဟောပြောမှုတွေ စတင်လုပ်ဆောင်နေတာဖြစ်တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလအတွင်း ပုသိမ်ခရိုင်မြို့နယ် (၁၁) ခုက ကျေးရွာတွေမှာ ပြည်ခိုင်ဖြိုးပါတီဝင်တွေက စစ်ကောင်စီရဲ့ ရွေးကောက်ပွဲအတွက် မဲဆွယ်ဟောပြောစည်းရုံးမှုတွေ လုပ်ခဲ့တယ်လို့ ပုသိမ်မြို့ ရှမ်းရွာ ဒေသခံတဦးက ပြောပါတယ်။

“မဲဆွယ်စည်းရုံးတာလို့တော့ မပြောဘူး၊ ကျေးရွာအစည်းအဝေးရှိတယ်၊ မဖြစ်မနေ လာတက်ရမယ်၊အဲ့လိုပြောလို့သွားတက်တာ၊ ဟိုရောက်မှ မဲဆွယ်စည်းရုံးတာမှန်း သိလိုက်ရတယ်၊ အစည်းအဝေးလာတက်တဲ့သူတွေ တဝက်လောက်က မတက်ဘဲ အိမ်ပြန်သွားတယ်၊ သူတို့အမာခံတွေဘဲ ဟောပြောပွဲမှာ ကျန်ခဲ့တယ်”လို့ သူကပြောပါတယ်။

ဒါ့အပြင် မအူပင်နဲ့ညောင်တုန်းမြို့နယ်တွေမှာလည်း ကြံခိုင်ရေးပါတီဝင်တွေက မြို့နယ်၊ ကျေးရွာ အုပ်ချုပ်ရေး အဖွဲ့တွေနဲ့ပူးပေါင်းကာ ရွေးကောက်ပွဲ အသိပညာပေးရေး အကြောင်းပြချက်နဲ့ မဲဆွယ်စည်းရုံးမှုတွေ လုပ်သွားတယ်လို့ ဒေသခံတွေ ဆိုပါတယ်။

ကြံခိုင်ရေးပါတီဝင်တချို့က ရွေးကောက်ပွဲအတွက် ဒေသခံတွေကို အသိပညာပေးဖို့ လုပ်ဆောင်တာလို့ပြောဆိုခဲ့ကာ ပါတီစည်းရုံးရေးအတွက် ပြုလုပ်တဲ့အပေါ် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တွေကိုအသိပေးခဲ့တာမရှိဘူးလို့ မအူပင်မြို့နယ်အတွင်းက ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

“ရွာသားတွေကို ရွေးကောက်ပွဲ အသိပညာပေးဖို့ပဲပြောတယ်၊ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးဟောပြောတာလို့ အသိမပေးဘူး၊ သူတို့သဘောနဲ့ လုပ်သွားတာ၊ ဒီကာလမှာ ဘယ်သူကမှ ဒီရွေးကောက်ပွဲကို စိတ်ဝင်စားတာလည်း မဟုတ်ပါဘူး” လို့သူကပြောပါတယ်။

ဧရာဝတီတိုင်း ပြည်ခိုင်ဖြိုးပါတီအနေနဲ့ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမှုတွေကို ဧရာဝတီတိုင်းအတွင်း ခရိုင် (၆) ခုအနက် ပုသိမ်ခရိုင်နဲ့ မအူပင်ခရိုင် ၁၆ မြို့နယ်ကို ဦးစားပေးလုပ်ဆောင်နေပြီး ကျန်တဲ့ခရိုင်တွေမှာလည်း ၂၀၂၃ နှစ်ဆန်းပိုင်းကစပြီး မြို့နယ်အလိုက် စလုပ်ဖို့ရှိနေတယ်လို့ ပါတီနဲ့ နီးစပ်သူတွေဆီက ရပါတယ်။

စစ်တပ်ကျောထောက်နောက်ခံ ပြည်ခိုင်ဖြိုးပါတီဟာ နအဖ အစိုးရလက်ထက် ၂၀၁၀ ခုနှစ် NLD ပါတီက ဝင်မပြိုင်တဲ့ ရွေးကောက်ပွဲမှာ အနိုင်ရပြီး အစိုးရဖြစ်လာခဲ့ပေမယ့် ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲကစလို့ NLD ဝင်ပြိုင်တဲ့ ရွေးကောက်ပွဲအားလုံးမှာ ကိုယ်စားလှယ်ဦးရေ အနည်းငယ်သာ အနိုင်ရခဲ့တာပါ။

ပြီးခဲ့တဲ့ ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲမှာလည်း ပြည်ခိုင်ဖြိုးပါတီက ကိုယ်စားလှယ်လောင်း တထောင်ကျော်အထိ ဝင်ပြိုင်ပြီး တကျော့ပြန်အစိုးရဖွဲ့ခွင့်ရရေး နည်းလမ်းပေါင်းစုံ အသုံးပြုခဲ့ပေမယ့်လွှတ်တော်သုံးရပ်ပေါင်း အမတ်နေရာ (၇၀) ကျော်သာ အနိုင်ရပြီး အရှက်တကွဲရှုံးနိမ့်ခဲ့ပါတယ်။

အဲ့ဒီရွေးကောက်ပွဲအပြီးမှာ စစ်တပ်က ရွေးကောက်ပွဲ မဲသမာမှုတွေရှိတယ်လို့ စွပ်စွဲပြီး အာဏာသိမ်းခဲ့ တာကြောင့် စစ်ကောင်စီက အခုနှစ်အတွင်း ကျင်းပဖို့ ပြင်ဆင်နေတဲ့ ရွေးကောက်ပွဲဟာ တရားမဝင်သလို ပူးပေါင်းပါဝင်မှုလည်း မလုပ်ကြဖို့ တော်လှန်ရေး အင်အားစုတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေး တပ်ဖွဲ့တွေက အသိပေးထားပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမတိုင်မီက အာဏာရပါတီဖြစ်တဲ့ NLD ပါတီဟာ ရွေးကောက်ပွဲနဲ့ပတ်သက်လို့ အခွင့်အရေးတွေ ပိုရနေတယ်လို့ အပြင်းအထန် ဝေဖန်ထိုးနှက်ခဲ့တဲ့ ပြည်ခိုင်ဖြိုးပါတီဟာ စစ်ကောင်စီရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမှုတွေကို ဧရာဝတီတိုင်းမှာသာမက နိုင်ငံတဝန်းမှာ ၂၀၂၂ နှစ်ကုန်ပိုင်းကတည်းက စတင်လုပ်ဆောင်နေတာပါ။

မြန်မာ့နိုင်ငံရေးသမိုင်းတလျှောက် ရွေးကောက်ပွဲတွေမှာ နိုင်သူအကုန်ယူစနစ် (FPTP) ကိုသာ ကျင့်သုံးခဲ့ပေမယ့် အာဏာသိမ်းစစ်ကောင်စီကတော့ သူတို့ဦးစီးကျင်းပမယ့် ရွေးးကောက်ပွဲကို အချိုးကျကိုယ်စားပြုစနစ်နဲ့ ကျင်းပဖို့ ပြင်ဆင်နေပါတယ်။

NLD မပါတဲ့ ၂၀၁၀ ရွေးကောက်ပွဲကလွဲလို့ အဲ့ဒီစနစ်နဲ့ကျင်းပတဲ့ ရွေးကောက်ပွဲမှန်သမျှမှာ ပြည်ခိုင်ဖြိုးအပါအဝင် စစ်တပ်ကျောထောက်နောက်ခံပါတီတွေ အပြတ်အသတ် ရှုံးနိမ့်ခဲ့ကြတဲ့နောက် အာဏာသိမ်းစစ်တပ်က အဓိကပြိုင်ဘက် နိုင်ငံရေးအင်အားစုတွေရဲ့ သဘောထားမပါဘဲ ရွေး ကောက်ပွဲစနစ်ကို ပြင်ဆင်ခဲ့တာဖြစ်ပါတယ်။